ပြည်မြို့မှာ H1N1 Positive ရောဂါပိုးရှိသူတွေ့

ပြည်၊ ဇွန် – ၂၂ -၂၀၁၉

လမင်း (VOM)

 

ပဲခူးတိုင်း ပြည်မြို့မှာ H1N1 Positive ရောဂါပိုး သံသယရှိသူများ တွေ့ရှိကြောင်း ပြည် ကုတင် ၅၀၀ ဆံ့ ဆေးရုံကြီးက သိရပါတယ်။

 

“လူနာတစ်ယောက် ဗိုက်အောင့်လို့ဆိုပြီး လာတက်တယ်။ သူကခွဲစိတ်ဆောင်ဘက်မှာ တက်တာ။ ခွဲစိတ်ဆောင်က ဆရာဝန်က ကြည့်ပြီးတော့ ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာတွေရှိတယ်ဆိုပြီး သမားတော်ပြတယ်။ ဒီနေ့မနက်မှာ RDT နဲ့စစ်လိုက်တဲ့အခါ Positive တွေ့တယ်။ ” လို့ ပြည်မြို့ ကုတင် ၅၀၀ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်မေသွင်က မနေ့က ဟြေပါတယ် ။

 

လူနာဟာ အသက် ၇၂ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြည်မြို့ ရွာဘဲရပ်ကွက်နေသူ ဖြစ်ပါတယ်။ သူမဟာ ဇွန် ၂၀ ရက်က ဗိုက်အောင့်ရောဂါဖြစ်လို့  ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ဆေးကုသမှု ခံယူစဉ် H1N1 Positive ရောဂါပိုး သံသရရှိတဲ့အတွက် ပြည်ဆေးရုံကြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးရာ အခုလို အဖြေတွေ့ရှိခဲ့တာပါ။

 

လူနာကို ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် ရန်ကုန်မြို့အမျိုးသားဓာတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးလျှက်ရှိပြီး ကူးဆက်ဆောင်မှာ သီးသန့်ခွဲကာ ကြပ်မတ်ကုသပေးထားတယ်လို့ သိရပါတယ်။

 

ဒီဖြစ်စဉ်တွေကြောင့် ပြည်ဆေးရုံကြီးမှာ အထူးကုဆရာဝန်ကြီးများ အစည်းအဝေးပြုလုပ်ထားပြီး ဆေးကုသမှုအပိုင်းတွေမှာ ဆေးဝါးလုံလောက်မှုရှိစေဖို့အတွက်လည်း အသင့်ပြင်ထားတယ်လို့ သိရပါတယ်။  ဇွန် ၂၁ ရက်ကလည်း ပြည်မြို့မှာ အလားတူလူနာတစ်ဦး ထပ်မံရောက်ရှိလာပြီး သူ့ကိုတော့ ဓာတ်ခွဲစမ်းသပ်မှု မပြုရသေးဘူးလို့ ပြောဆိုထားပါတယ်။

 

H1N1 ရောဂါဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်တာဖြစ်ပြီး ဖျားနာ၊ ချောင်းဆိုး၊ ခေါင်းကိုက်၊ ကိုယ်လက်နာကျင် ပင်ပန်းတဲ့ လက္ခဏာတွေရှိတာဖြစ်ပါတယ်။  ဒါကြောင့် ချောင်းဆိုးရင် ပါးစပ်ကိုလက်ကိုင်ပဝါအုပ် ဆိုးရမှာဖြစ်သလို လက်ကိုစင်ကြယ်စွာဆေးဖို့လိုအပ်ကြောင်း ဒေါက်တာဒေါ်ခင်မေသွင်က ရှင်းပြပါတယ်။

 

#voiceofmyanmar  # ပြည်မြို့မှာ H1N1 Positive ရောဂါပိုးရှိသူတွေ့ #ပြည်  # ကုတင်၅၀၀ဆံ့ဆေးရုံ

Related posts

Leave a Comment

VOM News

FREE
VIEW