ပုဏ္ဏားကျွန်းမြို့နယ်မှာ ဒေသခံတစ်ဦး မိုင်းထိ ခြေထောက်ပြတ်

ပုဏ္ဏားကျွန်း၊ ဇွန် ၂၃ -၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ထုံးဗူးကျေးရွာသားတစ်ဦးဟာ မနေ့ ဇွန်၂၂ ရက် မနက်ပိုင်းက မြေမြှုပ်မိုင်း နင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားကာ ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ပါတယ်။

 

ထုံးဗူးကျေးရွာသားနှစ်ဦးဟာ ပုဏ္ဏားကျွးန်မြို့နယ် ဘဲငါးရာတောင်ခြေမှာရှိတဲ့ စမ်းပတီချောင်းအတွင်းက သူတို့ရဲ့ဥယျာဉ်ခင်း ကို သွားကြစဉ် မနက် ၁၀ နာရီလောက်မှာ မိုင်းနင်းမိခဲ့တဲ့အတွက် တစ်ဦးမှာ ညာဖက်ခြေထောက် ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။

 

“ကျနော်တို့က မနေ့က မနက်ပိုင်းမှာ ရွာကနေပြီးတာ့ ဒညင်းခင်းကို သွားကြတာပါ။ သူက ကျနော်ကို ဒညင်းပင်တက်ဖို့အတွက် ခေါ်တယ်၊ ကျနော်က ရှေ့ကသွားတယ်၊ သူကနောက်က ငါးပေလောက်ပဲ ကွာပါတယ်။ အဲ့ဒီမှာ ဒညင်းခင်းကို မရောက်ခင် မြောင်းထဲကိုအဆင်းမှာ မိုင်းနင်းမိတာပါ။”လို့ အတူသွားခဲ့တဲ့ ဦးကျော်ထွန်းလှက ပြောပါတယ်။

 

မိုင်းနင်းမိသူမှာ ဦးထွန်းမောင် (၄၀ နှစ်)ဖြစ်ပြီးတော့ ညာဖက်ခြေထောက် ပြတ်သွားတဲ့အတွက် သူ့ကို ပုဏ္ဏားကျွန်းဆေးရုံကနေ စစ်တွေဆေးရုံကို မနေ့ညနေပိုင်းက ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

 

“အရင်ကတော့ အဲ့ဒီနေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ဖူးတယ်။ စစ်ကြောင်းသွားလာတာတွေလည်း ရှိခဲ့တယ်။ အခုတော့ တိုက်ပွဲတွေလည်း မဖြစ်တာကြာပြီ။ ဘယ်အချိန်လောက်ကနေ ထောင်ထားတဲ့မိုင်းလဲဆိုတာတော့ ကျနော်တို့လည်း မသိဘူး။”လို့ ဦးကျော်ထွန်းလှက ပြောပါတယ်။

 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ ကျန်ရှိနေတဲ့မိုင်းတွေ ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုနဲ့ ဒေသခံကျေးရွာသားတွေဟာ မကြာခဏရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။

 

#voiceofmyanmar # ပုဏ္ဏားကျွန်းမြို့နယ်မှာဒေသခံတစ်ဦးမိုင်းထိခြေထောက်ပြတ် #ရခိုင် #ပုဏ္ဏားကျွန်း #

Related posts

Leave a Comment

VOM News

FREE
VIEW