မန်းမဟော်သဓါကော်မတီ တရားရင်ဆိုင်ရင်း ကျောင်းဆောက်ခွင့်ရအောင် လုပ်ဆောင်သွားမယ်

မန္တလေး ၊ဇွန် – ၂၄ – ၂၀၁၉

ဖြူဖြူ(VOM)

 

တရားစွဲဆိုခံထားရတဲ့ မန်းမဟော်သဓါ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ကော်မတီအနေနဲ့ တဖက်မှာ တရားရင်ဆိုင်ရင်း တဖက်မှာလည်း ခွင့်ပြုမိန့်ရအောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

တရားစွဲဆိုခံရသူ ခုနစ်ဦးထဲမှာပါတဲ့ ကျောင်းကော်မတီ ဒုတိယဥက္ကဌလည်းဖြစ်၊ တရားလွှတ်တော်ရှေ့နေလည်းဖြစ်တဲ့ ဦးဇော်ဝိတ်က   “ လောလောဆယ် စွဲထားတဲ့အမှုကိုပဲ ရင်ဆိုင်ဖြေရှင်းရအုံးမှာပေါ့။ ဒီအမှုရင်ဆိုင် ဖြေရှင်းရင်းနဲ့ပဲ တည်ဆောက်ခွင့်ကျအောင်တော့ ကြိုးစားရမှာပေါ့။ အဲလိုကျပြီဆိုမှ ပြန်တည်ဆောက်ရမှာပေါ့။” လို့ ပြောပါတယ်။

 

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှာ အမျိုးသားရေးဆရာတော် ဦးဝီရသူ ဦးဆောင်ဖွင့်လှစ်ထားတဲ့ မန်းမဟော်သဓါ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ထိပ်ပိုင်းကော်မတီဝင် ခုနစ်ဦးကို မြေလွတ်၊ မြေလပ်၊ မြေရိုင်းပေါ်မှာ လုပ်ကိုင်နေတဲ့သူတွေကို ဖယ်ရှားပေးဖို့ပြောတဲ့အခါမှာ မလိုက်နာရင် စွဲတဲ့ ပုဒ်မမျိုးဖြစ်တဲ့ ၁၈၈၉ ခုနှစ် အထက်မြန်မာပြည် မြေနဲ့အခွန်တော်ဥပဒေပုဒ်မ ၆၉ (၂) နဲ့ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကော်လိပ်တော်အရာရှိ ဦးညွန့်လင်းက တရားစွဲဆိုခဲ့ပါတယ်။

 

အဲဒီ ၈ ဧကခန့် အကျယ်ရှိတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း ၄ ထပ်အဆောက်အဦး တည်ဆောက်ဖို့ကို မန္တလေးတိုင်းဝန်ကြီးချုပ်ဆီကို စာတင်ထားတာ ၁ နှစ်ကျော်ကြာလာပေမယ့် ခွင့်ပြုချက် ကျမလာတဲ့အတွက် ဆောက်လုပ်ရာကနေ ခုလို တရားစွဲခံရတဲ့အထိ ဖြစ်လာတာပါ။ အဲဒီမြေဟာ အိုအေလို့ခေါ်တဲ့ other မြေဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ လျှောက်လာခဲ့ရင် ချပေးရမှာဖြစ်ပေမယ့် ချပေးဖို့ ကြန့်ကြာနေတာကြောင့် ဇန်နဝါရီ တတိယအပတ်မှာတော့  ကျောင်းဆောက်လုပ်ဖို့အတွက်ကို ပန္နက်ရိုက်ခဲ့တာ ဖြစ်ပါတယ်။

 

“ဥပဒေနဲ့အညီ သက်ဆိုင်ရာ၊ ဌာနဆိုင်ရာက ထောက်ခံစာတွေ အကုန်ယူပြီးတော့မှ တင်ထားခဲ့တာတွေကိုး။ အဲလိုတင်ထားတာကို သူတို့ဘက်က အကျိုးအကြောင်းမပြန်ဘဲနဲ့ အခုကျမှ မဆောက်ပါနဲ့ဆိုပြီး တားတာ ဖြစ်လာတာလေ။ လျှောက်တဲ့ကိစ္စကလည်း ပုဂ္ဂလိက ကိစ္စမဟုတ်ဘူးလေ၊ ပရဟိတကိစ္စ။ ကလေးတွေ အခမဲ့ ပညာသင်ကြားရေးအတွက် လုပ်တဲ့ကိစ္စ၊ အစိုးရအနေနဲ့ ပိုတောင်မှ အမျိုးသားပညာရေးအနေနဲ့ အားပေးရမယ့်ကိစ္စကို သာမန်ပရဟိတအဖွဲ့တွေက ဝိုင်းကူပေးတာကို အစိုးရအနေနဲ့ လိုလိုလားလားနဲ့ ထောက်ခံပေးရမှာကို တရားစွဲတယ်ဆိုတာက စဉ်းစားသာကြည့်ပေါ့။” လို့ ဦးဇော်ဝိတ်က ဆိုပါတယ်။

 

အဲဒီအမှုနဲ့ပတ်သက်ပြီး ဒီနေ့မှာ တရားလိုကို စတင်စစ်ဆေးခဲ့သလို တရားစွဲဆိုခံထားရသူတွေကိုလည်း ကျပ်သိန်းသုံးဆယ်တန် ကိုယ်ပိုင်ခံဝန်နဲ့ အချုပ်လွတ် ထုချေခွင့် လျှောက်ထားခွင့်ကို တရားရုံးက ခွင့်ပေးခဲ့ပြီး နောက်ရုံးချိန်းကိုတော့ ဇူလိုင် ၃ ရက်ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

 

မန်းမဟော်သဓါ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းကို ၀ါကင်းကုန်းဆရာတော် ဦတိက္ခအမှူးပြုပြီး အမျိုးသားရေးဆရာတော် ဦးဝီရသူက ဦးဆောင်ကာ အဖွဲ့ဝင် ၇၀ နီးပါးနဲ့ ကျောင်းဖြစ်မြောက်အောင် ဆောင်ရွက်နေတာပါ။ လက်ရှိ အဲဒီကျောင်းမှာ ၉ တန်းနဲ့ ၁၀ တန်းကျောင်းသား ၁၀၀ ဝန်းကျင်ကို ကျူရှင်အနေနဲ့ ဆက်သင်ပေးနေပါတယ်။

 

#voiceofmyanmar # မန်းမဟော်သဓါကျောင်# ကော်မတီဝင်တွေကိုတရားစွဲ #ခွင့်ပြုမိန့်ရအောင် လုပ်ဆောင်မယ် # မြေနဲ့အခွန်တော်ဥပဒေပုဒ်မ ၆၉ (၂) #ဦးဝီရသူ #ဦးဇော်ဝိတ် #ပုသိမ်ကြီး #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW