လှိုင်သာယာမြို့နယ် စီမံခန့်ခွဲမှု အခက်အခဲ ပြည်ထောင်စုလွှတ်တော်ကို တင်ပြမယ်

ရန်ကုန်၊ ဇွန် ၃၀ – ၂၀၁၉

သိင်္ဂီ(VOM)

 

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်း စီမံခန့််ခွဲမှုအပိုင်းမှာ အခက်အခဲတွေရှိနေလို့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က သိရပါတယ်။

 

“လှိုင်သာယာမြို့နယ်ဟာ ကယားပြည်နယ် တစ်ပြည်နယ်စာထက်ကို ကြီးနေပါတယ်။ အဲ့ဒီအခြေအနေပေါ်မှာ စီမံခန့်ခွဲရတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက တစ်ယောက်ပဲ ရှိပါတယ်။ လှိုင်သာယာကို ဘယ်လို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မလဲဆိုတဲ့ အခြေအနေပေါ်မှာ စဉ်းစားနေတာ ရှိပါတယ်။”လို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

 

ဒါကြောင့် အခက်အခဲတွေ ရှိနေတဲ့ လှိုင်သာယာမြို့နယ်ရဲ့ စီမံခန့်ခွဲမှုအပိုင်းကို ပိုပြီးကောင်းအောင် ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ထိတင်ပြပြီး လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ ဆိုတာပါ။

 

ဒါ့အပြင် လှိုင်သာယာမြို့နယ်ဟာ ဧရိယာကျယ်ဝန်းပေမယ့်လည်း မြို့နယ် တစ်မြို့နယ်အဖြစ်သာ ပေါက်နေတဲ့အတွက် ဘတ်ဂျက်ရရှိမှုကလည်း တစ်မြို့နယ်စာပဲ ရသလို၊ စာသင်ကျောင်းကလည်း တစ်မြို့နယ်စာပဲ ရှိတဲ့အခါ မြို့နယ်တွင်း နေထိုင်တဲ့ ပြည်သူတွေဦးရေ တိုးပွားလာတာနဲ့အမျှ စီမံခန့်ခွဲမှုအပိုင်း၊ ဖြေရှင်းဆောင်ရွက်ပေးရမယ့်ကိစ္စတွေ ပိုများလာတာကြောင့် ရန်ကုန်တိုင်း တစ်တိုင်းလုံးအပေါ် အခြေခံပြီး အဖြေရှာစဉ်းစားနေရတယ်လို့ သိရပါတယ်။

 

လှိုင်သာယာမြို့နယ်ဟာ ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင်အတွင်း ပါဝင်တဲ့မြို့နယ်တစ်ခု ဖြစ်ပါတယ်။ စက်မှုဇုန်တွေလည်းများသလို ကျူးကျော်နေထိုင်သူတွေလည်း အများအပြားရှိပြီး ရာဇ၀တ်မှုတွေ မကြာခဏဖြစ်ပွားတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

 

ရန်ကုန်မြို့မှာ လူဦးရေ ၇ သန်းကျော်နေထိုင်ပြီး လှိုင်သာယာမြို့နယ်မှာတော့  ရပ်ကွက်ပေါင်း ၂၀ ကျော်၊ ကျေးရွာစုပေါင်း ၁၀ စုကျော်နဲ့ ကျူးကျော်နေထိုင်သူတွေလည်းရှိတဲ့အတွက် လက်ရှိမှာ လူဦးရေ ၇ သိန်းဝန်းကျင်လောက် နေထိုင်နေတယ်လို့ သိရပါတယ်။

 

ကယားပြည်နယ်မှာတော့ လူဦးရေ စုစုပေါင်း ၃ သိန်းဝန်းကျင်လောက်သာ ရှိတယ်လို့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ သိရပါတယ်။

 

#voiceofmyanmar # လှိုင်သာယာမြို့နယ်စီမံခန့်ခွဲမှုအပိုင်း #ပြည်ထောင်စုလွှတ်တော်ကိုတင်ပြမယ်  #ကယားပြည်နယ်ထက်လူဦးရေများပြား #ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း #ရန်ကုန် #လှိုင်သာယာ

Related posts

Leave a Comment

VOM News

FREE
VIEW