ရေနံတင်သင်္ဘော ပြန်မလွှတ်ရင် ဗြိတိန်သင်္ဘောကို ဖမ်းပြီးလက်တုံ့ပြန်မယ်လို့ အီရန်ခြိမ်းခြောက်

တီဟီရန်၊ ဇူလိုင်-၆-၂၀၁၉

မျိုးဆက် (VOM)

 

အီရန်ရဲ့ ရေနံတင်သင်္ဘောကြီးတစ်စင်းကို ဂျီဘရော်လ်တာ ရေလက်ကြားမှာ ဗြိတိန်တော်ဝင်ရေတပ်က ဖမ်းဆီးလိုက်တာနဲ့ပတ်သက်ပြီး လက်တုံ့ပြန်ဖို့အတွက် ဗြိတိန်သင်္ဘောကို ဖမ်းဆီးမယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် တပ်မှူးတစ်ဦးက ဇူလိုင် ၅ ရက်မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

 

အီရန်ရေနံတင်သင်္ဘောကို ပြန်မလွှတ်ဘူးဆိုရင် ဗြိတိန်ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းပြီးလက်တုံ့ပြန်ဖို့က အာဏာပိုင်တွေရဲ့ တာဝန်ဖြစ်တယ်လို့ အီရန်တပ်မှူးတစ်ဦးဖြစ်သူ မိုဆန်ရီဇိုင်းက ပြောပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထွေထွေထူးထူး မှတ်ချက်ပေးတာမျိုးမရှိပေမယ့် အီရန်အနေနဲ့ ဘာဖြစ်လာမယ်ဆိုတာကို မြင်တွေ့ရတော့မယ်လို့ အိမ်ဖြူတော်မှာ သတင်း ထောက်တွေကို ပြောပါတယ်။

 

အီရန်ရဲ့ ရေနံတင်သင်္ဘောဟာ ဆီးရီးယားကို ရေနံတင်ပို့မှု ပိတ်ပင်ထားတဲ့ အရေးယူပိတ်ဆို့မှုကို ချိုးဖောက်တယ်ဆိုပြီး ဗြိတိန်ပိုင်နက် ကမ်းရိုးတန်းမှာ ဗြိတိန်တော်ဝင်ရေတပ်က ဇူလိုင် ၄ ရက်မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

 

ဒီမတော်တဆမှုဟာ အီရန်ကို လေကြောင်းတိုက်ခိုက်ဖို့ သမ္မတထရန့်က အမိန့်ပေးပြီး မိနစ်ပိုင်းအလိုမှ ဖျက်သိမ်းလိုက်တဲ့ စစ်ဆင်ရေးပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ ဖြစ်ပွားခဲ့တဲ့ အီရန်နဲ့ အနောက်နိုင်ငံတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။

 

အရေးယူပိတ်ဆို့တာတွေကို လိုက်နာဖို့အတွက် နိုင်ငံတကာ မိတ်ဖက်တွေရဲ့ လုပ်ရပ်ကို ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီလို ဖမ်းဆီးတာဟာ တရားမ၀င်သလို လက်ခံနိုင်ဖွယ်မရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး အပြင်းအထန် ကန့်ကွက်ထားပါတယ်။

 

Ref & Photo : Reuters

 

#voiceofmyanmar # ရေနံတင်သင်္ဘောပြန်မလွှတ်ရင် #ဗြိတိန်သင်္ဘောကိုဖမ်းပြီးလက်တုံ့ပြန်မယ် #အီရန်ခြိမ်းခြောက် #ဂျီဘရော်လ်တာရေလက်ကြား #အီရန် #အမေရိကန် # တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW