လှိုင်သာယာကို ခရိုင်အဆင့် တိုးမြှင့်သတ်မှတ်ပေးဖို့ အစီအစဉ်မရှိသေး

ရန်ကုန် ၊ဇူလိုင် ၁၀ – ၂၀၁၉

သိဂီ င်္(VOM)

 

လှိုင်သာယာမြို့နယ်ဟာ ရန်ကုန်တိုင်းမှာ ဒုတိယလူဦးရေအများဆုံး နေထိုင်တဲ့မြို့ဖြစ်လို့  လက်ရှိဆောင်ရွက်နေတဲ့ မြို့နယ်အဆင့် စီမံအုပ်ချုပ်မှုနဲ့ ဌာနဆိုင်ရာဝန်ဆောင်မှုတွေက လုံလောက်မှုမရှိတာကြောင့် မြို့နယ်ကနေ  ခရိုင်အဆင့်တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အဲဒီလိုသတ်မှတ်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ ဒီနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်က သိရပါတယ်။

 

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက လှိုင်သာယာမြို့နယ်ဟာ လူမှုရေး၊ စီးပွားရေး ၊ အုပ်ချုပ်ရေး ရှုထောင့်တွေအရ စီမံခန့်ခွဲမှုလက်လှမ်းမီတဲ့နေရာဖြစ်လို့  ခရိုင်အဆင့်သတ်မှတ်ပေးဖို့ မရှိသေးဘူးလို့ ပြောဆိုခဲ့တာပါ။

 

နယ်လုံဝန်ကြီး ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး လှိုင်သာယာကို ခရိုင်အဆင့်သတ်မှတ်ပေးဖို့ မေးခွန်းမေးမြန်းခဲ့တဲ့  လှိုင်သာယာမဲဆန္ဒနယ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က “နေ့စဉ်နဲ့အမျှ ခိုးမှု၊ ဖောက်ထွင်းမှု၊ လုယက်မှုတွေနဲ့ ယာဉ်မတော်တဆမှုတွေလည်း ဖြစ်ပွားနေပါတယ်။ အဲဒီ အခြေအနေတွေကို လျော့ကျစေဖို့အတွက် သက်ဆိုင်ရာဌာနတွေက ကြိုးစားဆောင်ရွက်နေပေမယ့် မနိုင်မနင်းဖြစ်နေရပါတယ်။ လှိုင်သာယာမြို့နယ်ရဲ့အခြေအနေဟာ အခုပုံစံမျိုး ဆက်လက်ရှေ့ဆက်သွားမယ်ဆိုရင် စိန်ခေါ်မှု များစွာရှိနေပါတယ်။” လို့ ဆိုပါတယ်။

 

လှိုင်သာယာကို မြို့နယ်အဆင့် စီမံအုပ်ချုပ်မှုနဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ဆောင်မှုပေးနေတာတွေဟာ လက်တွေ့မြေပြင်မှာ လုံလောက်မှုမရှိသလို လူဝန်မှုကြီးကြပ်ရေးနဲ့ အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ ကိစ္စရပ်တွေမှာလည်း စိန်ခေါ်မှုများစွာရှိနေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မြို့နယ်ပြည်သူလူထုကို ဝန်ဆောင်မှုပေးနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းဖွဲ့စည်းပုံဟာ (က)အဆင့် ဖွဲ့စည်းပုံသာရှိတဲ့အတွက် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တဲ့အခါ လုံလောက်မှုမရှိတာ၊ ရဲတပ်ဖွဲ့အင်အားကို မြို့နယ်ဖွဲ့စည်းပုံထက်ကျော်လွန်ပြီး ချထားပေမယ့်လည်း လူဦးရေအချိုးအစားနဲ့ နှိုင်းယှဉ်ရင် အများအပြား လိုအပ်နေတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။ စည်ပင်သာယာရေးကိစ္စရပ်အပါအ၀င် ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာကိစ္စရပ်တွေမှာလည်း မနိုင်တာဝန်ထမ်းဆောင်နေရတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း လှိုင်သာယာမြို့နယ်အတွင်း စီမံခန့််ခွဲမှုအပိုင်းမှာ အခက်အခဲတွေရှိနေလို့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမယ်လို့   ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုထားပါတယ်။

 

မြို့နယ်အဆင့်ကနေ ခရိုင်နယ်နမိတ်အဖြစ် ပြင်ဆင်ဖွဲ့စည်းမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးအဆင့်ဆင့်ရဲ့ ကွင်းဆင်း စစ်ဆေးချက် အစီရင်ခံစာတွေနဲ့အတူ အမှုတွဲတင်ပြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစည်းအဝေးမှတ်တမ်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ထောက်ခံချက်နဲ့အတူ နိုင်ငံတော်သမ္မတရုံးကို တင်ပြရမှာ ဖြစ်ပါတယ်။

 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၅၄)အရ သက်ဆိုင်ရာတိုင်း၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဒါမှမဟုတ် ဒေသအတွင်းရှိ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ်၊ ခရိုင်နယ်နိမိတ်တွေကို  ဖွဲ့စည်းခြင်း ၊အမည်ပြောင်းလဲဖို့ ပေါ်ပေါက်ရင် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် ဝန်ကြီးကနေ နိုင်ငံတော်သမ္မတထံ ကောက်ခံတင်ပြပြီးမှသာ  နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးတာဖြစ်ပါတယ်။

 

ရန်ကုန်မြို့မှာ လူဦးရေ ၇ သန်းကျော်နေထိုင်ပြီး လှိုင်သာယာမြို့နယ်မှာတော့ စက်မှုဇုန်ပေါင်း ၁၃ ခုအပါအဝင် ရပ်ကွက်ပေါင်း ၂၀ ကျော်၊ ကျေးရွာစုပေါင်း ၁၀ စုကျော်နဲ့ ကျူးကျော်နေထိုင်သူတွေလည်းရှိတဲ့အတွက် လက်ရှိမှာ လူဦးရေ ၇ သိန်းဝန်းကျင်လောက် နေထိုင်နေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # လှိုင်သာယာ #စီမံခန့်ခွဲမှုအပိုင်း #ခရိုင်အဆင့်သတ်မှတ်ပေးဖို့ အစီအစဉ်မရှိသေး #ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း #ရန်ကုန် #လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး #ဗိုလ်မှူးကြီးအောင်စိုးမိုး

Related posts

Leave a Comment

VOM News

FREE
VIEW