အဂတိနဲ့တရားစွဲခံထားရတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်းနဲ့ ဒုရဲအုပ်ဟောင်းကို သုံးကြိမ်မြောက်ရုံးထုတ်

မန္တလေး၊ ဇူလိုင် ၁၈ -၂၀၁၉

နေသူ(VOM)

 

အဂတိလိုက်စားမှုနဲ့ တရားစွဲခံထားရတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း ဦးသိန်းနိုင်နဲ့ ဒုရဲအုပ် ထွန်းထွန်းလင်းတို့ကို ဒီနေ့ နေ့လည်ပိုင်းက မန္တလေးတိုင်းတရားလွှတ်တော်မှာ တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။

 

“အမှုအကြောင်းတော့ ပြောလို့မရသေးဘူး။ နောက်ရုံချိန်းမှာလည်း တရားလို ဦးအောင်မြင့်ဇော်ကို ဆက်လက်စစ်ဆေးမှာပါ။ တရားလိုပြသက်သေ ၉ ဦး တင်ထားပါတယ်။” လို့ စွပ်စွဲခံရသူ ရဲတပ်ဖွဲ့ဝင်တွေဘက်က လိုက်ပါဆောင်ရွက်ဆောင်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးမြင့်ဌေးက ပြောပါတယ်။

 

ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်နဲ့  အမှတ် (၃) စခန်းမှူး ရဲအုပ်ကျော်သူတို့ဟာ ဂိမ်းဆိုင်တစ်ခုမှာဖြစ်ပွားခဲ့တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ အမှုနဲ့ပတ်သက်လို့ အဲဒီအမှုတရားခံရဲ့ အဖေဆီကနေ အမှုကိစ္စ အဆင်ပြေစေဖို့၊ အမှုသက်သာစေဖို့ဆိုပြီး ငွေ ၂ သိန်းကျပ်ဆီကို တောင်းယူခဲ့ကြပါတယ်။

 

ဒါ့အပြင် တရားခံရဲ့အဖေဆီကနေ ရဲအုပ်ကျော်သူက အကျဉ်းသားကို အိုးဘိုအကျဉ်းထောင် မပို့အောင်ဆိုပြီး ငွေကျပ်(၂)သိန်း၊ အမှုစစ် ဒုရဲအုပ် ထွန်းထွန်းလင်းကလည်း  တရားခံကို မနှိပ်စက်အောင်ဆိုပြီး ငွေတစ်သိန်းခွဲနဲ့ သိမ်းဆည်းခံထားရတဲ့ ဆိုင်ကယ်ပြန်လည် ရရှိရေးအတွက်ဆိုပြီး ငွေကျပ်နှစ်သိန်းခွဲတို့ကို လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။

 

အခုလိုလုပ်တာဟာ ရာထူးတာဝန်ကို အလွဲသုံးစားပြုလုပ်ပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့တာဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။

 

ဒါကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကနေ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသိန်းနိုင်(အခု ဒုခရိုင်ရဲတပ်ဖွဲ့မှူး ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူးရုံး)၊ ရဲအုပ် ကျော်သူ(အခု ကမ္ဘာ့လှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့)နဲ့ ဒုရဲအုပ် ထွန်းထွန်းလင်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်းမှာ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

 

ဒီအမှုတွဲမှာ ပါဝင်နေတဲ့ ရဲအုပ်ကျော်သူဟာ ထွက်ပြေးတိန်းရှောင်နေတာ ဖြစ်ပါတယ်။ ရဲအုပ်ကျော်သူဟာ နောက်ထပ်အခြား အဂတိ အမှုတစ်ခုကိုလည်း ကျူးလွန်ထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကသိရပြီး အဲဒီအမှုမှာပါတဲ့ ဒုရဲအုပ်ကျော်နိုင်ဦးကလည်း ထွက်ပြေးတိမ်းရှောင်နေတယ်လို့  သိရပါတယ်။

 

ဒီနေ့ ရုံးထုတ်မှာ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်ကို စစ်ဆေးခဲ့တာပါ။ လာမယ့်ရုံးချိန်းကို ဇူလိုင် ၂၅ ရက်မှာ ချိန်းဆိုထားပြီး ဦးအောင်မြင့်ဇော်ကိုပဲ ထပ်မံစစ်ဆေးသွားမယ်လို့ သိရပါတယ်။

 

#voiceofmyanmar #အဂတိနဲ့တရားစွဲခံထားရ #မြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်းနဲ့ဒုရဲအုပ်ဟောင်း #ရုံးထုတ် #မန္တလေး #တိုင်းတရားလွှတ်တော်

 

Related posts

Leave a Comment

VOM News

FREE
VIEW