စစ်ရှောင်ကယ်ဆယ်ရေး အလှူငွေ ကောက်ခံသူတွေကို ခေါ်ယူစစ်ဆေး

စစ်တွေ၊ ဇူလိုင် ၂၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေရဲ့စားဝတ်နေရေးနဲ့ တခြားလိုအပ်ချက်တွေအတွက် ထောက်ပံ့ကူညီပေးနိုင်ဖို့ အလှူငွေကောက်ခံနေသူတွေကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

 

အဲ့ဒီအဖွဲ့ဟာ စစ်တွေမြို့အခြေစိုက် လူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်တွေမြို့နယ်အပြင် ဒေသတွင်းက လူမှုကူညီရေး လုပ်ငန်းတွေအတွက် တက်တက်ကြွကြွဆောင်ရွက်နေတဲ့ အလင်းတံခါး တက်ကြွ လှုပ်ရှားသူများအဖွဲ့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့က ခေါင်းဆောင်ပိုင်းတွေကို စစ်တွေမြို့အမှတ် ၁ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေတာ ဖြစ်ပါတယ်။

 

“ကျမတို့အဖွဲ့ကို ရဲစခန်းက ခေါ်စစ်နေတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကနေ ခေါ်ယူစစ်ဆေးနေတာပါ။ ဒီနေ့လည်း စစ်နေပါတယ်၊ သုံးရက်ရှိပါပြီ။”လို့ အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့ ဥက္ကဌ ဒေါ်ကျော့စိန်က ပြောပါတယ်။

 

အဲ့ဒီအဖွဲ့ဟာ စစ်တွေမြို့မှာ လှည့်လည်ပြီးတော့ အလှူငွေတွေကောက်ခံပြီး ရရှိလာခဲ့တဲ့ အလှူငွေတွေကို ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ထောက်ပံ့ကူညီပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအလှူငွေကောက်ခံမှုဟာ ခွင့်မပြုချက်မဲ့ ကောက်ခံနေတာဆိုပြီး ရဲတပ်ဖွဲ့က စစ်ဆေးနေတာ ဖြစ်ပါတယ်။

 

“ကျမတို့အလှူခံနေတဲ့အချိန်မှာ ရဲတပ်ဖွဲ့ကရောက်လာပြီး ဓါတ်ပုံတွေ ရိုက်သွားတယ်။ ညနေပိုင်းမှာခေါ်တယ်။ ဘာကြောင့်ခေါ်လဲဆိုတာ့ အသင်းတည်ထောင်ခွင့် မှတ်ပုံတင်ရှိလား၊ ဒီငွေတွေကိုဘယ်လိုလုပ်လဲ။ ခွင့်ပြုချက်ရှိလားဆိုပြီး မေးတယ်။ ခွင့်ပြုချက်က ဧပြီ ၁၁ ရက်နေ့ကနေ မြို့နယ်ထွေ/အုပ်ကို တင်ထားတာ။ သူတို့အကြောင်းလည်း မပြန်ဘူး၊ တားလဲမတားဘူး။ ဒါကြောင့်ဆက်ပြီးတော့ အလှူငွေကောက်ခံနေတာပါ။ ဒီငွေတွေကိုလည်း ကျမတို့ကို အကူအညီလိုနေတယ်လို့ ဆက်သွယ်လာရင် အဲ့ဒီအတွက် အလှူခံထွက်တယ်၊ ရတာကို သွားလှူတယ်။”လို့ စစ်ဆေးခံနေရတဲ့ ဒေါ်ဖြူဖြူသန်းက ပြောပါတယ်။

 

စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းတွေအတွက် အရပ်ဖက်အဖွဲ့အစည်းတွေက အခုလို အလှူငွေကောက်ခံတဲ့အပေါ် ရဲတပ်ဖွဲ့တားဆီးတဲ့အတွက် လွန်ခဲ့တဲ့ ငါးလခန့်က စစ်တွေမြို့မ ဈေးကြီးအနီးမှာ ရုံးရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

 

အခုစစ်ဆေးခံနေရတဲ့ အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့ဟာ ကောက်ခံရရှိတဲ့အလှူငွေတွေကို ဒေသတွင်းက အခက်အခဲရှိနေတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေမှာ သွားရောက်လှူဒါန်းမှု ပြုလုပ်နေတာဖြစ်ပြီး စခန်း ၃၇ ခုလောက်ကို ကူညီပြီးပြီလို့ ဒေါ်ဖြူဖြူသန်းက ပြောပါတယ်။

 

#voiceofmyanmar #စစ်ရှောင် #အလှူငွေကောက်ခံသူတွေကိုခေါ်ယူစစ်ဆေး #ရခိုင် #စစ်တွေ #အလင်းတံခါး

Related posts

Leave a Comment

VOM News

FREE
VIEW