မလေးရှားသွားမယ့် တရားမ၀င် မြန်မာလုပ်သား ၅၇ ဦး ထိုင်းနိုင်ငံမှာ အဖမ်းခံရ

ဘန်ကောက်၊ ဇူလိုင်၂၁-၂၀၁၉

မျိုးဆက် (VOM)

 

မလေးရှားကို တရားမ၀င်သွားရောက်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာလုပ်သား ၅၇ ဦးကို ထိုင်းနိုင်ငံ ဆာဒိုခရိုင်အတွင်းရှိ ရာဘာစိုက်ခင်းအတွင်း ဇူလိုင် ၂၀ ရက်မှာ ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

 

အမျိုးသား ၅၄ ဦးနဲ့ အမျိုးသမီးသုံးဦးတို့ပါဝင်တဲ့ တရားမ၀င်မြန်မာလုပ်သားတွေကို ဗန်မေနမ်ကျေးရွာက ရာဘာစိုက်ခင်းထဲမှာ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

 

မြန်မာလုပ်သားတွေကို အုပ်စုနှစ်စုခွဲပြီး ရာဘာစိုက်ခင်းဆီကို ပို့ဆောင်ခဲ့တာလို့ ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ လူ ၂၀ ပါ ပထမအသုတ်ကို လွန်ခဲ့တဲ့ သုံးရက်အကြာက ပို့ဆောင်ခဲ့တာဖြစ်ပြီး ၃၇ ဦးပါ ဒုတိယအသုတ်ကတော့ ရာဘာစိုက်ခင်းဆီကို သောကြာနေ့ ညက ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

 

ဇူလိုင် ၃ ရက်က ဟတ်ယိုင်ခရိုင်အတွင်းမှာ တရားမ၀င် မြန်မာလုပ်သား ၅၇ ဦးနဲ့အတူ အိမ်တစ်အိမ်မှာ မြန်မာပွဲစားတစ်ဦး အဖမ်းခံခဲ့ရတာကြောင့် မလေးရှားကို ပို့ပေးမယ့် နောက်ထပ်ပွဲစားတစ်ဦးကို စောင့်ဆိုင်းနေကြတာလို့ ဆိုပါတယ်။

 

ထိုင်းတာဝန်ရှိသူတွေဟာ လွန်ခဲ့တဲ့ လေးနှစ်ကတည်းက လူကုန်ကူးမှုတိုက်ဖျက်ရေးတွေ လုပ်ဆောင်နေပေမယ့် မလေးရှားနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်ကြီးထွားလာတာကြောင့် ပြီးခဲ့တဲ့ ခြောက်လတာကာလအတွင်း လူကုန်ကူးမှု မြင့်တက်လာတယ်လို့ ထိုင်းနိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။

 

Ref : Bangkok Post

Photo : Assawin Pakkawan

 

#voiceofmyanmar #မလေးရှား #တရားမ၀င် #မြန်မာလုပ်သား ၅၇ ဦးအဖမ်းခံရ #ထိုင်း #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW