ရေရှိပြီး စိုက်ပျိုးရေမရလို့ လယ်ဧက၂၀၀ ကျော် အခက်အခဲဖြစ်

ကံမ၊ ဇူလိုင်၂၁-၂၀၁၉

ဂျန်ကိုးလ်(VOM)

 

မကွေးတိုင်း ကံမမြို့နယ် ခြောက်ပင်ကျေးရွာနဲ့ဇွေးမိကျေးရွာတွေမှာ ဆည်ရေမြောင်းအတွင်း ရေရှိပေမယ့် စိုက်ပျိုးခင်းတွေအတွက် ရေမရလို့ လယ်တွေပျက်စီးစ ပြုနေပြီလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

 

အဲဒီကျေးရွာတွေအနီးရှိ ကွင်းအမှတ် ၁၃၉(က)၊ ၁၃၉(ခ) ကွင်းတွေမှာ တောင်သူ ၁၃၀ ဦးခန့် ပိုင်ဆိုင်တဲ့ လယ်ဧက ၂၀၀ လောက်ဟာ ရေမြောင်းဘေးမှာ တည်ရှိနေပေမယ့်လည်း အသစ်ဖောက်လုပ်လိုက်တဲ့ စိုက်ခင်းရေပေးတဲ့ မြောင်းက စိုက်ခင်းတွေရဲ့ အတော်အနိမ့်ပိုင်းမှာ ဖောက်လုပ်ထားတာဖြစ်နေတဲ့အတွက် လယ်ကွင်းတွေထဲ ရေမရောက်ဘဲ လယ်တွေပျက်စီးစပြုနေတာလို့ သိရပါတယ်။

 

“စပါးက ရေမလာတော့ အစေ့ကျဲထားတော့ စားရမစားရ မကြိမ်းသေဘူး။ ဆေးဖြန်းတာမှာလည်း ဒုက္ခတွေ့နေတယ်။ မိုးရွာမှ လာဖြန်းရတော့ တစ်ချို့လယ်ကျတော့ ပေါင်းပင်က မသေဘူး။ အဲတော့နောက်တစ်ခါ ထပ်ဖြန်းနေရတယ်။”လို့ ခြောက်ပင်ကျေးရွာက တောင်သူ ကိုမိုးငြိမ်းက ပြောပါတယ်။

 

အဲဒီလယ်ကွင်းတွေ အထက်မှာရှိတဲ့ ငှက်ပျောမြောင်းရေထိန်းကန်က ရေကို အရင်မြောင်းဟောင်းအတိုင်း သွယ်ယူပြီး နှစ်စဉ်လုပ်ကိုင်လာခဲ့ရာကနေ ၂၀၁၈ ခုနှစ် ဧပြီလက စတင်ကာ မြောင်းဟောင်းဖော်ခြင်း၊ မြောင်းဘောင်ဖို့ခြင်း လုပ်ငန်းတွေ ဆည်မြောင်းဌာနက လုပ်ဆောင်ခဲ့ပြီးနောက် အခုချိန်မှာ စိုက်ပျိုးရေတွေဟာ ကွင်းတွင်းမရောက်တော့ဘဲ အနိမ့်ပိုင်းတွေကို စီးဆင်းသွားတယ်လို့ သိရပါတယ်။

 

ဒေသခံတောင်သူ ဦးသိန်းအောင်ကလည်း“ခြောက်ပင်ကွင်းမှာ ဘိုးဘေးဘီဘင်ကတည်းက ဘယ်တော့မှ မိုးမခေါင်ဘူး တောက်လျှောက်စားရတယ်။ ပြီးခဲ့တဲ့နှစ် ဒီမြောင်းကြီး တူးလိုက်တဲ့အချိန်မှာ မြောင်းကနက်သွားပြီး ဘောင်ကြီးကလည်း ရှိနေတဲ့အတွက် ဒီကွင်းတွေလုံးဝ မစားရဘူးဖြစ်ကုန်တယ်။ ဒီမြောင်းကို သူ့အတိုင်းဖြစ်အောင်၊ လယ်ရဲ့ အပေါ်မှာနေအောင် လုပ်ပေးမယ်ဆိုရင် တစ်ကွင်းလုံး ရေရမယ်။ လာမယ့်နှစ်တော့ဖြစ်နိုင်ရင် လုပ်ပေးစေချင်တယ်။”လို့ ပြောပါတယ်။

 

ဒါ့အပြင် အဲဒီကွင်းတွေဟာ အရင်က စပါးစိုက်ပျိုးမှုတစ်ခုတင်မကဘဲ သီးထပ်အဖြစ် မတ်ပဲအထွက်ကောင်းပြီး မနှစ်က စလို့ မတ်ပဲအပင်မပေါက်အောင် အစိုဓာတ်ခမ်းခြောက်သွားတယ်လို့ သိရပါတယ်။

 

ဒါနဲ့ ပတ်သက်ပြီး ဆည်မြောင်းဦးစီးဌာနက တာဝန်ရှိသူ ဦးဇော်လင်းကို မေးမြန်းရာမှာတော့ “ကန်ကို ပြုပြင်ပေးတာ၊ ထိမ်းသိမ်းစောင့်ရှောက်တာ၊ ရေပေးဝေတာက ကျေးရွာဆည်ကော်မတီက ဖြစ်ပါတယ်။ အစိုးရက ထိမ်းသိမ်းစောင့်ရှောက်တာက မဒေးဆည်ကြီးပဲ ရှိတယ်။ ကျေးရွာဆည်ကော်မတီက ရေစီမံခန့်ခွဲတာပါ။ ဘာပဲဖြစ်ဖြစ် ဒီရက်ထဲ ကျနော်လာကြည့်ပေးပါ့မယ်။”လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ် စိုက်ပျိုးရာသီမတိုင်ခင်က အဲဒီမြောင်းတူးလိုက်တဲ့အတွက် ရေရရှိမှုနည်းခဲ့တာကြောင့် လယ်တစ်ဧကကို ပုံမှန် တင်း ၇၀၊ ၈၀ ကြားထွက်ရာကနေ အဲဒီနှစ်မှာ တစ်ဧကကို တင်း ၂၀၊ ၃၅ အထိသာ ထွက်ရှိခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။

 

ဒါ့အပြင် ဆောင်းသီးနှံဖြစ်တဲ့ မတ်ပဲစိုက်ရာမှာလည်း မြေကြီးမှာ အစိုဓာတ်မကျန်တော့တာကြောင့် စိုက်ပျိုးလို့ အဆင်မပြေတော့တဲ့အတွက် အဲဒီမြောင်းကို  အမြန်ပြုပြင်ပေးဖို့ မျှော်လင့်တယ်လို့ တောင်သူတွေက ပြောပါတယ်။

 

#voiceofmyanmar #ရေရှိပြီး စိုက်ပျိုးရေမရ #လယ်ဧက၂၀၀ ကျော်အခက်အခဲဖြစ် #မကွေး #ကံမ

Related posts

Leave a Comment

VOM News

FREE
VIEW