စက်လှေတိမ်းမှောက်မှုကြောင့် လူ ၁၁ ဦးသေဆုံး၊ ၄ ဦးရှာမတွေ့သေး

မန္တလေး၊ ဇူလိုင် ၂၄ – ၂၀၁၉

ဖြူဖြူ (VOM)

 

မန္တလေးတိုင်း မလှိုင်-ဝမ်းတွင်း-နွားထိုးကြီးမြို့နယ် အစပ်က ဒေသအခေါ်ဇီး​တောဆည်​(ဆားတောင်ဆည်)အတွင်းမှာ ဒီနေ့ မနက်ပိုင်းက  စက်​​လှေတိမ်း​မှောက်​မှုကြောင့် ဆယ်ဦးထက်မနည်း သေဆုံးသွားတယ်လို့ နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်က ပြောပါတယ်။

 

“ဆယ်ယောက်တော့ကယ်နိုင်တယ်။ တကယ်လို့ အဲဒီမှာ ရေလုပ်သားတွေအားလုံး ရှိနေမယ်ဆိုရင်တော့ တော်တော်များများကယ်နိုင်ပါတယ်၊ သို့မဟုတ် အားလုံးကယ်နိုင်မှာပါ။ အခုက ခဏနားတဲ့အချိန် အထဲမှာ လှေမရှိတဲ့အချိန်၊ ဒါတောင် တစ်ယောက်ရှိနေလို့ ကယ်နိုင်တာ။ တစ်ယောက်ကလည်း ဆယ်ဖို့ ကြိုးစားရင်းနဲ့ အော်ပြီး အကူအညီတောင်းလို့ ဆယ်ယောက်ကယ်နိုင်တာ။”လို့ ဆိုပါတယ်။

 

ဖြစ်ပွားခဲ့တာကတော့ မလှိုင်မြို့နယ်အပိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူဦးရေ ၂၅ ယောက် လိုက်ပါလာတဲ့ အဲဒီစက်လှေဟာ ရေလယ်မှာရှိတဲ့ သစ္စာရေလယ်ကျောင်းတိုက်ကို အသွားမှာ စက်လှေတိမ်းမှောက်ခဲ့တာပါ။ လက်ရှိအချိန်အထိ ကလေးငယ်နှစ်ဦးအပါအဝင် ၁၁ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထာပြီလို့ သိရပါတယ်။ အဲဒီရုပ်အလောင်းတွေနဲ့ အသက်ရှင်ကျန်သူ ၁၀ ဦးထဲက နှစ်ဦးကို မလိုင်မြို့နယ် ဆေးရုံကြီးကို ပို့ဆောင်ထားပြီ ဖြစ်ပါတယ်။

 

“ရေနဲ့စိမ်းပြီး မထိမတွေ့ဖူးတဲ့သူတွေပါလို့ စိတ်လှုပ်ရှားတာရယ်၊ လေမုန်တိုင်းလိုပြင်းတာတော့ မဟုတ်ဘူး၊ လေကနည်းနည်းပြင်းတာရယ် အဲ့မှာအတိမ်းအစောင်းဖြစ်သွားတာပေါ့။ ရေလည်းဝင်၊ လူဝိတ်နဲ့ဆိုတော့ လှေလှုပ်တော့ ဖြစ်သွားတာပေါ့။”လို့ ဒေါ်ငြိမ်းသက်နွယ်က ဆိုပါတယ်။

 

အဲဒီရေလယ် ဘုရားဟာ ရှေးပုဂံခေတ်ကတည်းက တည်ခဲ့တာဖြစ်ပြီး မလှိုင်၊ ဝမ်းတွင်း၊ နွားထိုးကြီးအစပ်မှာ တည်ရှိနေတာပါ။ တိမ်းမှောက်သွားတဲ့ စက်လှေပေါ်ပါသူတွေဟာ မြစ်သားမြို့နယ်ကနေ လာရောက်ကုသိုလ်ယူကြတာ ဖြစ်တယ်လို့ သိရပါတယ်။ စက်လှေတိမ်းမှောက်စဉ်မှာတော့ နွားထိုးကြီးမြို့နယ်က သတင်းရရှိမှုမြန်ဆန်တဲ့အတွက် နွားထိုးကြီး မီးသတ်နဲ့ တာဝန်ရှိသူတွေက ကယ်ဆယ်ရေးဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

#voiceofmyanmar #မလှိုင် #ဝမ်းတွင်း #နွားထိုးကြီး #စက်လှေမှောက် #၁၁ဦးသေဆုံးလေးဦးရှာနေဆဲ

Related posts

Leave a Comment

VOM News

FREE
VIEW