ရေနံချောင်းမြို့အနီး ဧရာဝတီမြစ်အတွင်း စက်လှေတိမ်းမှောက် ၅ဦး အလောင်းတွေ့ ၂၉ ဦးပျောက်နေဆဲ

ရေနံချောင်း ဇူလိုင် ၂၄-၂၀၁၉
ပေါ်ဦး
 
 
မကွေးတိုင်း ရေနံချောင်းမြို့အနောက်ဘက် ၇မိုင်အကွာ ဧရာဝတီမြစ်အတွင်းမှာ မနေ့ကညနေ ၆နာရီအချိန်လောက် က စက်လှေတစ်စီးတိမ်းမှောက်ခဲ့ရာ စက်လှေပေါ်ပါသူများထဲက ပျောက်ဆုံးသူ ၃၆ဦးအနက် ယခုအချိန်ထိ ၅ဦးသေဆုံး လျှက်တွေ့ရှိရပြီး ၂ဦးကိုမူ ကိုင်းတောများအကြားမှ အသက်ရှင်လျှက်ပြန်လည်တွေ့ရှိရတယ်လို့ မကွေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီမှူးဋ္ဌာန ထံက သတင်းရရှိပါတယ်။
 
စက်လှေတိမ်းမှောက်ရာဆီကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ အုပ်ချုပ်မှုယာဉ်တစ်စီး၊ကျေးရွာဘက်က စက်လှေသုံးစီးနဲ့ အသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေဆဲဖြစ်တယ်လို့လည်း မကွေးတိုင်းဒေသကြီး၊မီးသတ်ဦးစီမှူး ဦးအောင်ဝင်းစိန်က ပြောပါတယ်။
“ ယနေ့နံနက်၉နာရီခွဲအချိန်ထိ(ကျား)သုံးဦး(မ)နှစ်ဦးကိုသေဆုံးလျှက်တွေ့ထားပါတယ်။ ကိုင်းတောထဲကနေ (ကျား)တစ်ဦးနဲ့(မ) တစ်ဦးကို အသက်ရှင်လျှက်ပြန်ရှာတွေ့ရတာပါ။ ဆက်လက်ပြီးထူးခြားမှုတွေရှိလာတိုင်း အချိန်နဲ့တပြေးညီတင်ပြပေးသွားမှာပါ “ လို့လည်း တိုင်း မီးသတ်ဦးစီးကပြောပါတယ်။
 
စက်လှေတိမ်းမှောက်ခြင်းမဖြစ်မီ ဇူလိုင်လ ၂၃ရက်နေ့ညနေအချိန်က ရေနံချောင်းမြို့နယ်ရှိ မာန်ပြေကျေးရွာအုပ်စု ဖရဲကျွန်းရွာက ရွာသူရွာသားများနဲ့ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကန်သာကျေးရွာက ရွာသူရွာသားအချို့ဟာ မြေယာပိုင်ဆိုင်မှု အငြင်းပွားတဲ့ပြဿနာတစ်ခုနဲ့ အပြန်အလှန်ခိုက်ရန်ဖြစ်ပွားခဲ့ကြတယ် လို့ ဒေသခံအချို့ကပြောပါတယ်။
 
“ အဲဒီနေ့က ဖရဲကျွန်းဘက်က လူ(၁၅၀)၀န်းကျင်ကို စက်လှေနဲ့သယ်လာပြီး လာပို့နေချိန်မှာ အရင်ရောက်နေသူတွေက ရွာထဲက အိမ်နှစ်လုံးကိုလာဖျက်တယ်။ အဲဒီတော့ ဒီရွာဘက်က မခံမရပ်ဖြစ်ပြီး ကံသာလေးရွာဘက်က လူအင်အားကများတော့ အပြန်အလှန်ဖြစ်ကြရာက စက်လှေနဲ့လာသူတွေက စက်လှေပေါ်တက်ပြေးကြရာက စက်လှေမငြိမ်ဖြစ်ပြီး ဟန်ချက်ပျက်တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်” လို့ ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမာန်ကိုဟော ကပြောပြပါတယ်။
 
စက်လှေတိမ်းမှောက်သွားချိန်မှာ စက်လှေပေါ်ရှိနေတဲ့ရွာသားအချို့ဟာ ရေကူးပြီးထွက်ပြေးခဲ့ကြကာ တဖက်သဲသောင်ပြင်ကို ရောက်ရှိချိန်မှာတော့ မိမိတို့ကျေးရွာက လှေငယ်များနဲ့လာရောက်ကူညီကြတယ်လို့လည်း ကျေးရွာသားအချို့ကဆိုပါတယ်။
 
“ကျွန်တော်တို့အဖွဲ့တွေက မြစ်ထဲမှာအဓိကလှုပ်ရှားခဲ့တာပါ။ ကျွန်တော်တို့အဖွဲ့ဆယ်ယူရရှိတာကတင် လူဦးရေ(၄၀)လောက်ရှိ ပါတယ်။ အဲအထဲမှာမှ ဒါဏ်ရာရရှိသူတွေကိုတော့ ဆေးကုသမှုတွေပေးခဲ့ပါတယ်။အဲနောက်မှာတော့ ဖရဲကျွန်းရွာသူရွာသား ၆၅ယောက်ကို လုံခြုံရေးတွေနဲ့ ရွာအရောက်ပို့ပေးခဲ့ပါတယ် “ လို့ ရေနံချောင်းမြို့နယ်မီးသတ်ဦးစီမှူး ဦးသန်းနိုင်ကရှင်းပြပါတယ်။
 
ပျောက်ဆုံးနေသူတွေကို ပြန်တွေ့ဖို့ ဒေသခံအာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #ရေနံချောင်း #မကွေး #စက်လှေမှောက်
 
ဓါတ်ပုံ Yenaungyaung news

Related posts

Leave a Comment

VOM News

FREE
VIEW