AA လို့စွပ်စွဲခံရတာ၊ နှိပ်စက်ခံရတာတွေအပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောဆိုချက်

နေပြည်တော်၊ ဇူလိုင် ၂၄ – ၂၀၁၉

ကိုထွန်း (VOM)

 

တပ်မတော်ကနေ AA ဆိုပြီးစွပ်စွဲဖမ်းဆီးခံရတာနဲ့ စစ်ကြောရေးကာလအတွင်း နှိပ်စက်ခံရပြီး သေဆုံးမှုဖြစ်ပွားတာတွေအပေါ်မှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ နိုင်ငံသားတိုင်းဟာ ဥပဒေအရ အကာအကွယ်ရယူပိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။

 

မနေ့ ဇူလိုင် ၂၃ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ တပ်မတော်နဲ့ AA တို့ရဲ့ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေ မြင့်တက်လာတာ၊ AA လို့စွပ်စွဲခံရပြီး အရပ်သားတွေ ဖမ်းဆီးခံရတာ၊ စစ်ဆေးနေစဉ်အတောအတွင်း သေဆုံးမှုဖြစ်ပေါ်တာတွေနဲ့ ပတ်သက်လို့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်အပေါ် အခုလို ပြောဆိုခဲ့တာပါ။

 

“စစ်ဆေးနေစဉ် အတောအတွင်း နှိပ်စက်မှုနဲ့ ပတ်သက်လို့ နိုင်ငံသားတိုင်းသည် ဥပဒေအတိုင်း အကာအကွယ် ရယူပိုင်ခွင့်ရှိတယ်။ နိုင်ငံသားတိုင်းသည် ဥပဒေအရတုံ့ပြန်ကာကွယ်ပိုင်ခွင့်ရှိတယ်။ မိမိနစ်နာတယ်ဆိုရင် နစ်နာတဲ့ဟာကို နိုင်ငံသားတိုင်း တိုင်ကြားပိုင်ခွင့်ရှိတယ်။” လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

 

ဒါ့အပြင်  အဲဒီလို အမှုကိစ္စတွေရှိလာရင် စုံစမ်းစစ်ဆေးရေးခုံရုံးတွေ ဖွဲ့စည်းပြီးဆောင်ရွက်သလို  စုံစမ်းစစ်ဆေးရေးလုပ်တဲ့အခါမှာလည်း တစ်ဖက်သက်ရယူထားတာမဟုတ်ဘဲ နှစ်ဖက်သက်သေတွေကို စုံစုံလင်လင်ရယူတယ်လို့ သိရပါတယ်။

 

“ကျနော်တို့ တပ်မတော်သားတွေပဲ ခေါ်စစ်တာ မဟုတ်ဘူး။ အဲဒေသမှာ ဖြစ်ခဲ့တဲ့ ဒေသမှာ ရှိတဲ့လူတွေ၊ တပ်မတော်သားတွေ စုံစုံလင်လင်ရယူတယ်။ သူတို့ရဲ့ သက်သေထွက်ဆိုချက်တွေပေါ်မှာ မူတည်ပြီး အဲ့သက်သေတွေကနေ နောက်ထပ်သက်သေတွေ ထပ်ခေါ်ဖို့လိုသေးတယ်ဆိုရင် ထပ်ခေါ်တယ်၊ ဒီလိုစစ်တယ်။ စစ်ပြီးတော့မှာ ဒါနဲ့ ပတ်သက်ပြီး စစ်တရားရုံး ဖွဲ့စည်းသင့်မသင့်၊ ဒါနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေက ဖော်ထုတ်ရရှိခြင်း ဖြစ်ပါတယ်။” လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

 

အလားတူပဲ စစ်ကြောရေးကာလအတွင်း အရပ်သားသေဆုံးမှု၊ နှိပ်စက်ခံရမှု ရှိမရှိဆိုတာတွေကို သတင်းထုတ်ပြန်ပေးသလို သေဆုံးမှု ဖြစ်ပေါ်ခဲ့ရင်လည်း ရင်ခွဲစစ်ဆေးချက်တွေကို တပ်မှာ လုပ်ဆောင်တာမဟုတ်လို့ ကွယ်ဝှက်စရာမရှိဘူးလို့ ပြောပါတယ်။

 

ဒါ့အပြင် အရပ်သားသေဆုံးမှု လျော့နည်းအောင်ဆောင်ရွက်ဖို့ဟာ နှစ်ဘက်စလုံးမှာ တာဝန်ရှိတာ မှန်သလို တပ်မတော်အနေနဲ့ကတော့ ကျေးရွာတွေနားမှာ တိုက်ပွဲတွေ မဖြစ်စေရေးအတွက် တိတိကျကျထုတ်ပြန်ထားတဲ့အပြင် စစ်ဘက်ဆိုင်ရာပစ်မှတ်နဲ့ အရပ်ဘက်ဆိုင်ရာ ပစ်မှတ်ခွဲခြားဖို့၊ လိုက်နာဆောင်ရွက်ဖို့ကိုလည်း ညွှန်ကြားထားပြီး ဖြစ်တယ်လို့ ဗိုလ်မှူးချူပ် ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

 

#voiceofmyanmar #တပ်မတော် #AA #ဗိုလ်မှူးချုပ်ဇော်မင်းထွန်း #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW