ထိုင်းနိုင်ငံမှာ မိုးခေါင်ရေရှားလို့ မြန်မာ၊ တရုတ်နဲ့ လာအိုနိုင်ငံတို့ကို အကူအညီတောင်း

ဘန်ကောက်၊ ဇူလိုင်-၂၅-၂၀၁၉

မျိုးဆက် (VOM)

 

ထိုင်းနိုင်ငံမှာ ဆိုးရွားတဲ့မိုးခေါင်းရေရှားမှု ဖြစ်ပွားနေတာကို သက်သာစေဖို့အတွက် ဆည်တွေထဲကလိုမျိုး သိုလှောင်ထားတဲ့ရေတွေ မြစ်တွေအတွင်းကို ဖောက်ပြီးလွှတ်ပေးဖို့ မြန်မာ၊ တရုတ်နဲ့ လာအိုနိုင်ငံတို့ကို ထိုင်းအစိုးရက အကူအညီ တောင်းခံလိုက်ပါတယ်။

 

မြစ်အောက်ပိုင်းကို ရေတွေရောက်ရှိဖို့အတွက် ရေတွေပိုပြီးလွှတ်ပေးဖို့ မြန်မာအပါအ၀င် သုံးနိုင်ငံတာဝန်ရှိသူတွေကို အကူအညီတောင်းခံခဲ့ပြီး သူတို့ကလည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။

 

မြစ်တွေထဲကို လွှတ်ပေးမယ့် ရေပမာဏကိုကန့်သတ်ထားပေမယ့် သုံးနိုင်ငံ တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမျိုးသားရေအရင်းအမြစ်ဌာနတို့က သူတို့နဲ့ ဆက်လက်ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

 

ဒီလိုမိုးခေါင်ရေရှားမှုဖြစ်နေတဲ့အတွက် လယ်သမားတွေရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တယ်လို့ ပရာယွတ်ကပြောဆိုပြီး စိုက်ပျိုးထားတဲ့ လယ်ယာမြေ ၄၀ ရခိုင်နှုန်းလောက်ပဲ စိုက်ပျိုးရေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ မိုးခေါင်းမှုဒဏ်ကိုခံစားနေရပြီး စိုက်ပျိုးမြေ ရိုင် ၁၀ သန်းလောက်ကို ထိခိုက်နေတယ်လို့ ထိုင်းဆန်စပါးဌာန ညွှန်ကြားရေးမှူးချုပ် Prasong Prapaitrakul က ပြောပါတယ်။

 

နောက်လအစောပိုင်းအထိ မိုးမရွာဘူးဆိုရင်တော့ စိုက်ပျိုးရေရှားပါးမှုကြောင့် ဆန်ထုတ်လုပ်မှုလျော့ကျပြီး ဒနှစ် ဒုတိယနှစ်ဝက်မှာ ဆန်ဈေးတက်လာလိမ့်မယ်လို့ ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်းက သတိပေး ပြောဆိုထားပါတယ်။

 

Ref & Photo : Bangkok Post

#voiceofmyanmar #ထိုင်း #ဘန်ကောက် #တရုတ် #မြန်မာ #လာအို #မိုးခေါင်ရေရှား #

Related posts

Leave a Comment

VOM News

FREE
VIEW