ရခိုင်မှာ H1N1 အပါအဝင် ရာသီတုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးတွေ့သူ ၂၇ ထိရှိနေ

စစ်တွေ၊ ဇူလိုင် ၂၅-၂၀၁၉

ခိုင်လင်းစံ (VOM)

 

၂၀၁၉ ခုနှစ် ရာသီတုပ်ကွေးရောဂါဖြစ်နေချိန် ရခိုင်ပြည်နယ်အတွင်းမှာ H1N1 အပါအဝင် ရာသီတုပ်ကွေးဗိုင်းရပ်စ် သုံးမျိုးကို ကူးစက်ခံထားရသူပေါင်း ၂၇ ဦးထိ ရှိနေတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

 

ကျန်းမာရေးဌာနအနေနဲ့ ဆေးရုံတွေမှာ လာရောက်ဆေးကုသမှု ခံယူခဲ့သူတွေထဲက သံသယရှိသူတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဂွ၊ တောင်ကုတ် မန်အောင်မြို့နယ်တွေမှာ ဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။

 

“ရခိုင်ပြည်နယ်အတွင်းမှာ အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ စစ်တဲ့လူနာအားလုံးပေါင်း ၅၇ ဦးရှိပါတယ်။ အဲ့ဒီထဲမှာ ၂၇ ဦးက ပိုးတွေ့တယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ဒီရောဂါတွေကို စောင့်ကြပ်ကြည့်ရှု ထောက်လှမ်းဖို့အတွက်ကို နေ့စဉ်ဆောင်ရွက်နေပါတယ်။”လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ ဒုတိယပြည်နယ်မှူး ဒေါက်တာသီဟက ပြောပါတယ်။

 

ရခိုင်ပြည်နယ်အတွင်းမှာ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူ ၆ ဦးထိရှိနေပြီး စစ်တွေမြို့မှာတော့ သံဃာ့ရာဇာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ဖြစ်ပွားနေတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောပါတယ်။ အဲဒီကျောင်းမှာ စာသင်သားကလေးငယ်တွေ ရှိနေပြီး နောက်ထပ် ကူးစက်မှုတွေ ရှိမရှိ သွားရောက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ဒေါက်တာချမ်းသာက“H1N1 လူနာတွေ တွေ့တယ်ဆိုတဲ့ သတင်းကိုကြားတာနဲ့ အဲ့ဒီလူနာတွေကို ရန်ကုန်မှာ ရှိတဲ့ NHL ကိုပို့တယ်။ ပြီးတော့ လူနာတွေကို သီးသန့်ခန်းတွေမှာ ထားပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးထားပါတယ်။”လို့ ပြောပါတယ်။

 

H1N1 ဖြစ်ပွားသူ ၆ ယောက်နဲ့ ရာသီတုပ်ကွေးရောဂါတွေဖြစ်တဲ့ H3N2 နဲ့ Influenza B ဖြစ်ပွားနေသူ စုစုပေါင်း ၂၇ ဦးအထိရှိနေပေမယ့် ရခိုင်ပြည်နယ်မှာတော့ အဲ့ဒီရောဂါတွေနဲ့ သေဆုံးသူမရှိသေးဘူးလို့ ဒေါက်တာသီဟက ပြောပါတယ်။

 

အခုနှစ်အတွင်းမှာ အဲ့ဒီရောဂါနဲ့ပတ်သက်လို့ တစ်နိုင်ငံလုံးအတိုင်းအတာမှာ သံသယလူနာပေါင်း ၆၀၀ ကျော်ကို စစ်ဆေးခဲ့တဲ့အခါမှာ ရောဂါပိုးတွေ့ရှိသူ ၃၆၃ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူပေါင်း ၇၀ ကျော်အထိရှိနေပြီလို့ သိရပါတယ်။

 

#voiceofmyanmar #H1N1 #ရခိုင် #စစ်တွေ #

Related posts

Leave a Comment

VOM News

FREE
VIEW