ကောင်းကင်ယံမှာ ပေါက်ကွဲသံနဲ့ မီးခိုးလုံးတွေဟာ လေယာဉ်ပျက်ကျတာမဟုတ် အသံထက်သုံးဆမြန်တဲ့ တိုက်လေယာဉ် လေ့ကျင့်ပျံသန်းခြင်းဖြစ်

ဟင်္သာတ၊ ဇူလိုင်၂၉-၂၀၁၉

ဂျန်ကိုးလ်(VOM)

 

ဒီနေ့ ဇူလိုင် ၂၉ ရက် မနက် ၁၀ နာရီလောက်က ဟင်္သာတခရိုင်အတွင်း ကောင်းကင်ယံမှာ ပေါက်ကွဲသံနဲ့ မီးခိုးလုံးတွေကြောင့် ဒေသခံတွေရုတ်ရုတ်သဲသဲ ဖြစ်ပေါ်ခဲ့ပါတယ်။

 

ဒေသခံ ကိုဖိုးထွန်းက “အသံအကျယ်ကြီး ကြားလိုက်ရတာ၊ အိမ်တွေတောင်တုန်သွားတယ်။ ပထမပိုင်း လေယာဉ်ပျံ ပျက်ကြားတယ်ဆိုပြီး ဟိုနေရာက အသံထွက်၊ ဒီနေရာက အသံထွက်နဲ့။ လေယာဉ်ကွင်းကောက်နားမှာပဲ လေယာဉ်ပျံ ပျက်ကျလို့ဆိုပြီး လူတွေရုတ်ရုတ်သဲသဲ ဖြစ်သွားကြတယ်ဗျ။  ကြားရတာကတော့ ဟသာင်္တ တစ်ခရိုင်လုံးနီးပါးပါပဲ။”လို့ ပြောပါတယ်။

 

ဒါဟာလေယာဉ်ပျက်ကျတာ မဟုတ်ဘဲ မှော်ဘီလေတပ်စခန်းကနေ အသံထက် ၃ ဆမြန်တဲ့ တပ်မတော် တိုက်လေယာဉ် ပျံသန်းမောင်းနှင် လေ့ကျင့်တာဖြစ်တယ်လို့ နယ်လုံဝန်ကြီးက တိုင်းအစိုးရကို ဖြေရှင်းချက်ပေးတဲ့အကြောင်း တိုင်းအစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

 

ကွင်းကောက်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်ကလည်း “ဟုတ်တယ်၊ ပထမ ကျနော်တို့ ကွင်းကောက်မှာပဲ လေယာဉ်ပျက်ကျတယ်ဆိုပြီး ပြောနေကြတာ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ ကျနော်က အခု ထွေ/အုပ် လပတ် အစည်းအဝေးအဝေးတက်နေတာ၊ နောက်တော့ တိုင်းအစိုးရကို နယ်လုံဝန်ကြီးရဲ့ အစီရင်ခံစာမှာ ရုရှားက ဝယ်ထားတဲ့ အသံထက် သုံးဆမြန်တဲ့ တိုက်လေယာဉ် စမ်းသပ်မောင်းနှင်တာလို့ သိရတယ်။ နောက်နေ့လည်း ပျံဦးမယ်လို့ ကြားရပါတယ်။” လို့ ပြောပါတယ်။

 

ဟင်္သာတခရိုင်အတွင်း ကောင်းကင်ယံမှာ မြည်ဟီးပေါက်ကွဲပြီး မီးခိုးတွေနဲ့ လေယာဉ်ပျံကို တွေ့ခဲ့ကြတာကြောင့် လေယာဉ်ပျက်ကျတယ်လို့ လူအများပြောဆိုမှုကို နယ်လုံဝန်ကြီးက တိုင်းအစိုးရကို ရှင်းပြတာလို့ ဆိုတာပါ။

 

ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ မဲဇလီ၊ ကွင်းကောက်ဒေသတွေဘက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အဲဒီပေါက်ကွဲသံလို အသံကျယ်နဲ့ မီးခိုးလုံးတွေကြောင့် ဒေသခံတွေ အထိတ်တလန့်ဖြစ်ခဲ့ရပြီး လူမှုကွန်ယက်ယက်မှာလည်း ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ဟင်္သတခရိုင် ကွင်းကောက်နယ်မြေမှာ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း တစ်ခုရှိတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ယက်

 

#voiceofmyanmar #အသံထက်သုံးဆမြန်တဲ့တိုက်လေယာဉ်လေ့ကျင့်ပျံသန်းခြင်းဖြစ် #ဟင်္သာတ

Related posts

Leave a Comment

VOM News

FREE
VIEW