ပုသိမ်မှာ H1N1 သံသယလူနာတစ်ဦးသေဆုံး

ပုသိမ်၊ သြဂုတ် – ၂- ၂၀၁၉

ကိုအောင် (VOM)

 

ဧရာဝတီတိုင်း ပုသိမ်ဆေးရုံမှာ ဒီနေ့ သြဂုတ် ၂ ရက် နေ့လည်ပိုင်းက H1N1သံသယရှိသူ အမျိုးသမီးတစ်ဦး ကွယ်လွန်သွားတာကြောင့် နေ့လည်ပိုင်းမှာပဲ ချက်ချင်း သင်္ဂြိုလ်ခဲ့တယ်လို့ မနောဖြူလူမူကူညီရေးအဖွဲ့က သိရပါတယ်။

 

“ဆေးရုံက ဆက်သွယ်လာတာ။ H1N1 သံသယတစ်ဦး သေဆုံးတယ်၊ ချက်ခြင်းမီးသင်္ဂြိုလ်ပေးပါဆိုတော့ အလောင်းကို သွားယူပြီးသင်္ဂြိုလ်ပေးခဲ့ပါတယ်။ ကျနော်တို့ကိုလည်း ဆေးရုံက ကာကွယ်ဆေးတွေ ပြန်ထိုးပေးပါတယ်။”လို့ မနောဖြူ လူမူကူညီရေးအဖွဲ့က ကိုအောင်ထက်ပိုင်က ပြောပါတယ်။

 

သေဆုံးသူဟာ သာပေါင်းမြို့နယ် ဖန်ခါးကုန်းကျေးရွာက အသက် ၆၁ နှစ်အရွယ် ဒေါ်မပုံ ဆိုသူဖြစ်ပြီး ပုသိမ်ဆေးရုံကို ဒီနေ့ မနက်ပိုင်းက ရောက်ရှိလာပြီး နေ့လည်ပိုင်းမှာပဲ ကွယ်လွန်သွားတာလို့ သိရပါတယ်။ ဒါ့အပြင် ဒေါ်မပုံကို သင်္ဂြိုလ်ချိန်မှာ မိသားစုဝင်တွေ ရှိမနေဘဲ သူတို့ကိုလည်း ရောဂါရှာဖွေစမ်းသပ်မှုတွေ လုပ်နေတယ်လို့ တစ်ဆင့်စကားတွေအရ သိရပါတယ်။

 

ဒါနဲ့ ပတ်သက်ပြီး ပုသိမ်ဆေးရုံက တာဝန်ရှိသူတွေကို သွားရောက်မေးမြန်းရာမှာတော့ ဆေးရုံအုပ်ကြီး ခရီးထွက်နေတဲ့အတွက် နောက်နေ့မှသာ လာမေးဖို့ ပြောဆိုခဲ့ပါတယ်။

 

ခုလို H1N1 သံသယရှိလူနာတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ သေချာတဲ့ဖြေရှင်းချက် မပေးတာဟာ အများပြည်သူတွေ ထိတ်လန့်နိုင်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ H1N1 ကြောင့်သေဆုံးသူ ၈၃ ဦး ရှိနေပြီး ဧရာဝတီတိုင်းမှာတော့ ၅ ဦးအထိရှိလာပြီလို့ သိရပါတယ်။

 

#voiceofmyanmar #ဧရာဝတီ #ပုသိမ် #H1N1

Related posts

Leave a Comment

VOM News

FREE
VIEW