အစိုးရ အလိုမရှိစာသားပါ စာရွက်တွေ မန္တလေးမြို့က နေရာအတော်များများမှာ လိုက်လံကပ်

မန္တလေး၊ ဩဂုတ် ၄-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့ပေါ်က ဓာတ်တိုင်အချို့နဲ့ နံရံအချို့တို့မှာ မနေ့ ဩဂုတ်လ ၃ ရက် ညပိုင်းက အစိုးရအလိုမရှိကြောင်း စာရွက်တွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံဖိနှိပ်ချုပ်ချယ်မှု လွတ်မြောက်ရေး ပြည်သူ့တပ်ပေါင်းစုအဖွဲ့က  လိုက်လံကပ်ထားတာတွေ ဖြစ်ပွားခဲ့ပါတယ်။

 

” နိုင်ငံရေးဆိုတာတော့ ဒီလိုပါပဲ။ လက်ရှိအစိုးရကို အတိုက်အခိုက်လုပ်နေတဲ့ အဖွဲ့အစည်းဆိုတာ ရှိမှာပဲ။ ဘယ်သူလုပ်တယ်ဆိုတာတော့ မြင်ရတာမဟုတ်တဲ့အတွက် မပြောနိုင်ဘူးပေါ့လေ။ လက်ရှိအစိုးရရဲ့ လုပ်ငန်းစဉ်တွေကိုလည်း မျက်မြင်ကိုယ်တွေ့မြင်နေရတာပဲ။ မျက်မြင်နဲ့ ကပ်ထားတဲ့စာတွေထဲပါတာကို သုံးသပ်လိုက်ရင်တော့ ကျနော်ထင်ပါတယ် ပြည်သူတွေကလည်း မအတော့ဘူးဆိုတော့ နားလည်မယ် ထင်ပါတယ်။” လို့ ချမ်းမြသာစည်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး ပြောပါတယ်။

 

ချမ်းမြသာစည်မြို့နယ်အတွင်း မနော်ဟရီလမ်း ၅၈ လမ်းနဲ့ ၅၉ လမ်းကြား ဓာတ်တိုင်အချို့နဲ့ မြရည်နန္ဒာအိမ်ယာဘက်နဲ့ စုစုပေါင်းသုံးနေရာလောက်မှာ စပြီးကပ်ထားတာတွေ ဖြစ်ပွားခဲ့တာပါ။ ဒါ့အပြင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်နဲ့ ချမ်းအေးသာစံမြို့နယ်တွေမှာ လိုက်လံကပ်ထားတာတွေရှိတယ်လို့ စုံစမ်းသိရပါတယ်။

 

အဲဒီ စာရွက်တွေမှာ အပြောနဲ့အလုပ် ထပ်တူမကျ ကတိမတည်သည့်အစိုးရ အလိုမရှိ၊ စီမံခန့်ခွဲမှု မကျွမ်းကျင်သူများအား နေရာပေးသည့် အစိုးရ အလိုမရှိ၊ ဝန်ကြီးနှုတ်ထွက် အမတ်ခံဝန် ဝန်ထမ်းထောင်ကျ အဂတိလိုက်စားသည့် အစိုးရ အလိုမရှိ စာသားတွေအပြင် တိုင်းရင်းသားအရေး၊ အမျိုးဘာသာ သာသနာအရေးနဲ့ အခွန်တိုးကောက်မှုတွေအပေါ် ဝေဖန်ရေးသားထားတဲ့ အသုံးအနှုန်းတွေ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

 

ဒါနဲ့ ပတ်သက်ပြီး ခရိုင်ရဲမှူးကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့မရဘဲ သက်ဆိုင်ရာမြို့နယ်အလိုက် ရဲတပ်ဖွဲ့ဝင်တွေကတော့ ကပ်တဲ့သူတွေကို စုံစမ်းနေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #မန္တလေး

 

Related posts

Leave a Comment

VOM News

FREE
VIEW