ပျောက်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအလောင်းကို မြစ်ကမ်းစပ်မှာရှာတွေ့

ကျောက်တော်၊ သြဂုတ် ၇-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ဆင်အိုးချိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းမောင်ဟာ သာဒါဆိပ်ကျေးရွာ ရာအိမ်မှူးနဲ့အတူ သြဂုတ်လ ၃ ရက်က ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

 

အဲ့ဒီပျောက်ဆုံးနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အလောင်းကို ကုလားတန်မြစ်ကမ်းစပ် စံပ္ပာယ်လှကျေးရွာအနီးမှာ ဆာလာအိပ်နဲ့ထည့်ပြီးတော့ ပစ်ထားတာကို သြဂုတ်လ ၅ ရက် နေ့လည်ပိုင်းက ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

“မြစ်ထဲမှာ ဆာလာအိပ်နဲ့ထုတ်ပြီးတော့ ပစ်ထားတာကို ရှာတွေ့ခဲ့တာပါ။ ဘယ်သူတွေက သတ်သွားလဲဆိုတာကိုတော့ မသိဘူး။ သုံးရက်အကြာမှာ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။”လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။

 

သာဒါဆိပ်ကျေးရွာ ရာအိမ်မှူး ဦးမောင်ဝင်းနိုင်ရဲ့အလောင်းကိုတော့ သြဂုတ်လ ၄ ရက် ညနေပိုင်းက ပေါက်တာပလောင်ရွာအနောက်ဘက် ကုလားတန်မြစ်အတွင်းက ရေလယ်ကျွန်းကမ်းစပ်မှာ ဓါးထိုးသွင်းဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 

အခုလိုမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးတွေ သတ်ဖြတ်ခံရတာဟာ ဒေသတွင်းမှာ တရားဥပဒေစိုးမိုးမှု လျော့ရဲလာတဲ့ အတွက်ကြောင့်ဖြစ်ပြီး ရခိုင်လူ့အဖွဲ့အစည်းဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဆိုပါတယ်။

 

“ဒီမတိုင်ခင်မှာလည်း ရာဇဝတ်မှုတွေ၊ ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်တာတွေ ကြုံခဲ့ရတာတွေ ရှိပါတယ်။ မတရားဖမ်းဆီးခံရမှုတွေလည်း ရှိပါတယ်။ ယေဘုယျသုံးသပ်ရရင် ဒီနှစ်အတွင်းမှာကို လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေဖြစ်လာနေပါတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းဟာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့နေရာတွေကို ရောက်နေသလိုဖြစ်လာနေပါတယ်။”လို့ ဦးဦးထွန်းဝင်းက ပြောတာပါ။

 

သေဆုံးသူ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ဟာ သြဂုတ်လ ၃ ရက်နေ့ နေ့လည်ပိုင်းက ဆင်အိုး (ပေါက်တော) မွတ်ဆလင်ကျေးရွာကို အိမ်ထောင်စုစာရင်းကောက်ယူဖို့ သွားခဲ့ကြတာဖြစ်ပြီး အဲ့ဒီကအပြန်မှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

 

ကျောက်တော်မြို့နယ်အတွင်းမှာ အခုလိုမျိုးသတ်ဖြတ်ခံလိုက်ရတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ဦးထိရှိလာနေပြီဖြစ်ကာ ရခိုင်ပြည်နယ်အတွင်းမှာတော့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၇ ဦးခန့်ထိရှိလာနေပြီဖြစ်ပါတယ်။

 

ဒ့ါအပြင် ကျောက်တော်မြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတာဖြစ်ပြီး AA နဲ့ဆက်စပ်နေတယ်ဆိုတဲ့ သံသယနဲ့  အုပ်ချုပ်ရေးမှူးတချို့တပ်မတော်ရဲ့ ဖမ်းဆီးခြင်းခံရတာတွေလည်းရှိနေပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ လုံခြုံမှုမရှိလို့ဆိုပြီး အုပ်ချုပ်ရေးမှူး ၆၀ ကျော် တာဝန်က နှုတ်ထွက်ထားကြပါတယ်။

 

#voiceofmyanmar #ရခိုင် #ကျောက်တော်

Related posts

Leave a Comment

VOM News

FREE
VIEW