အရပ်သားအစိုးရတက်လာပေမယ့်လည်း ရှစ်လေးလုံးရဲ့ရည်မှန်းချက်တွေ ဝေးနေဆဲ

မန္တလေး၊ သြဂုတ် ၈ – ၂၀၁၉

ဖြူဖြူ (VOM)

 

အရပ်သားအစိုးရလက်ထက် ရောက်လာပေမယ့် ၈၈၈၈ ရဲ့ရည်မှန်းချက်က ဝေးနေဆဲဖြစ်ပြီး သူတို့ရဲ့ ရာထူးအာဏာ တည်မြဲဖို့အတွက်ပဲ လုပ်နေတယ်လို့မြင်ကြောင်း ၈၈ မျိုးဆက်အချို့က ဝေဖန်ပြောဆိုပါတယ်။

 

“အန်အယ်လ်ဒီ အာဏာရထားတယ်ဆိုတာက မဲနိုင်ထားတာပဲရှိတယ်၊ ဘာမှလုပ်ပိုင်ခွင့် အာဏာမရှိဘူး။ ရှိအောင်လည်း လုပ်နိုင်ပုံမရဘူး။ ဒီအာဏာလေးတည်မြဲဖို့ လုပ်နေတယ်လို့ပဲ အောက်မေ့တယ်။ ပြည်သူလူထုအတွက် သိပ်လုပ်ပေးနိုင်တဲ့ အနေအထားမှာ မရှိဘူး။ သူတို့ပါတီ၊ သူတို့ရဲ့ ရာထူး အနန္တရတွေ အတွက်ပဲလုပ်နေတယ်လို့ မြင်တယ်။”လို့ ရှစ်လေးလုံးတိုက်ပွဲဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာစိုးသန်းမောင်က ပြောပါတယ်။

 

၈၈၈၈ လူထုအရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုအကျိုးကို ဦးတည်တဲ့ ဒီမိုကရေစီစနစ်ရရှိဖို့က လက်ရှိအနေအထားအရ သုံးသပ်ရရင် ဝေးနေဆဲဖြစ်တယ်လို့ မန္တလေးမြို့ ဘုရားကြီးအလယ်တိုက်မကြီးမှာ ကျင်းပတဲ့ ၈၈၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံ ၃၁ နှစ်ပြည့် အခမ်းအနားကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက်အချို့က ဆိုပါတယ်။

 

ဒီမိုကရေစီကို တကယ်သွားချင်ရင် အာဏာရှင်ကို အမြစ်ဖြုတ်ရမှာ ဖြစ်သလို အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ချင်ရင် လူထုဆောင်ရွက်ခွင့် ပေးရမှာဖြစ်ပါတယ်။

 

“ဒီအာဏာရှင်စနစ်ကို အမြစ်ဖြုတ်ချင်တယ်ဆိုလို့ရှိရင် လူထုပါဝင်ဆောင်ရွက်ခွင့်ကို ပေးကိုပေးရမယ်။ နိုင်ငံရေးမှာ သာမန်လူထုပါလာဖို့ဆိုတာ တခြားနည်းလမ်းမရှိဘူး။ လူထုဆန္ဒပြတာ၊ လူထုက ကိုယ့်အခွင့်အရေးကို ဖေါ်ထုတ်ခွင့်ကို လွတ်လွတ်လပ်လပ်ပေးမှ ရမယ်။ အဲဒါကို နည်းအမျိုးမျိုးနဲ့ ပိတ်ပင်ထားသမျှ ဒီမိုကရေစီ ဝေးနေအုံးမယ်။”လို့  ဒေါက်တာစိုးသန်းမောင်က ဆိုပါတယ်။

 

လက်ရှိ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရဆိုတာကလည်း ဒီမိုကရေစီ အပေါ်ယံနာမည်တပ်ထားတဲ့ အနေအထားပဲဖြစ်နေသေးတယ်လို့လည်း ပြောဆိုကြပါတယ်။

 

“အဲဒီပြည်သူတင်တဲ့ အစိုးရက ဘာမှလုပ်လို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အရေးကြီးတဲ့ဌာနသုံးခုလောက်က စစ်တပ်ကကိုင်ထားတယ်။ ကာကွယ်ရေးဌာန ကိုင်ထားတယ်၊ ပြည်ထဲရေးဌာန ကိုင်ထားတယ်၊ နယ်စပ်ရေးရာ ကိုင်ထားတယ်။ ကျန်တဲ့ဟာက ဘာအလုပ်လုပ်မလဲ လေဘေးကူညီရေး၊ ရေဘေးကူညီရေးပဲ လုပ်ရတော့မယ်။” လို့ ရှစ်လေးလုံးတိုက်ပွဲဝင် ဆရာတော် ဦးဝါသဝက မိန့်ပါတယ်။

 

ဒါ့အပြင် လက်ရှိအရပ်သားအစိုးရ စိတ်ထဲမှာလည်း ၈၈၈၈ ရဲ့ရည်မှန်းချက်တွေ ရှိသေးလားဆိုတာ ပြောရခက်တဲ့ အခြေအနေဖြစ်နေတယ်လို့ ၈၈ မျိုးဆက်တချို့က ဆိုပါတယ်။

 

၈၈၈၈ အထိမ်းအမှတ်ပွဲတွေ ကျင်းပနေရုံနဲ့ ၈၈၈၈ ရဲ့ရည်မှန်းချက်တွေ မပြည့်နိုင်သလို ပြည်တွင်း ငြိမ်းချမ်းရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွေကိုလည်း လက်ရှိအချိန်အထိ အကောင်အထည် မဖေါ်နိုင်သေးတဲ့အတွက် ၈၈၈၈ ရဲ့ တောင်းဆိုချက်တွေဟာ နှစ်သုံးဆယ်ကျော်လာတဲ့တိုင် အသက်ဝင်နေဆဲ ဖြစ်တယ်လို့ ၈၈ မျိုးဆက်တွေက ပြောကြပါတယ်။

 

#voiceofmyanmar #၈၈၈၈ #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW