AA,TNLA , MNDAA  ညီနောင်မဟာမိတ်တပ်ဖွဲ့နဲ့ အစိုးရတပ်တွေ ရှမ်းမြောက် တိုက်ပွဲမှာ လူမှုရေးအသင်းကားလည်း ပစ်ခတ်ခံရ

သြဂုတ် ၁၇-၂၀၁၉

နေလင်း ( VOM)

 

ဒီနေ့ သြဂုတ်လ ၁၇ ရက်မနက်ပိုင်းက ပြည်ထောင်စုလမ်းမကြီးပေါ် သိန္နီနဲ့ နမ့်စလပ်ကြား နမ့်တွန်းစုံရွာအဝင်မှာ နမ့်ခီးတံတားကို မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက် တိမ်ဖြူစက်သုံးဆီဆိုင်ကိုပတ်ခတ်ခံရတဲ့အတွက် ဆီဆိုင်မီးလောင်သွားခဲ့ပါတယ်။ အဲဒီနေရာမှာ ဒဏ်ရာရသူတွေကို ကယ်တင်ဖို့ သွားတဲ့ လားရှိုးလူငယ်လူမှုကူညီရေးအသင်း ဥက္ကဌပါတဲ့ကားလည်း လားရှိုးနဲ့ ၁၂ မိုင်အကွာလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ဥက္ကဌ ဦးထွန်းမြင့်(ခ) မွတ်စ်တာဖားဘိုင်  သေဆုံးပြီး ၃ယောက် ဒဏ်ရာရခဲ့ကြောင်း လားရှိုးလူငယ်လူမှုကူညီရေးအသင်းတာဝန်ခံတယောက်က ပြောပြပါတယ်။

 

“ကျနော်တို့ ဥက္ကဋ္ဌပါတဲ့ကားက လက်နက်ကြီးနဲပစ်ခံရတာ ပစ်တော့ကားမှောက်သွားတာ ကားမှောက်တော့ စနှိုက်ပါနဲ့ပစ်သွားတာ နဖူးတည့်တည့်မှန်သွားပြီး လမ်းမှာတင်ဆုံးသွားတယ်။ကျန်တဲ့ ၃ယောက် နည်းနည်းပါးပါးဒဏ်ရာရတာပေါ့၊ ပစ်တာကတော့ သောင်းကျန်းသူတွေပဲ ယူနီဖေါင်းဝတ်တာရော မဝတ်တာရောတွေ အများကြီးရှိတယ်။ လောလောဆယ်တော့ ကြိုကြားကြိုကြား သေနတ်သံကြားနေရသေးတယ်။ “

 

 

သိန္နီအကျော် နားတီး-ကွမ်းလုံအကြား၊၄၁မိုင်၃ဖာလုံမှာရှိတဲ့  ပေ၈၀ရှည်တဲ့ဗြုံးတောင်တံတားကိုလည်းမိုင်းခွဲဖျက်ဆီးခဲ့လို့သိန်းနီ-ကွမ်းလုံလမ်းကြောင်းသွားလာမှုပြတ်တောက်နေပြီလို့လည်း ဒေသခံတွေ အပြောအရသိရပါတယ်။

 

 

သိန္နီနဲ့လားရှိုးကြားပန်ဖတ်တံတားအနီးနမ့်တွန်းတောင်ပေါ်နဲ့ကွတ်ခိုင်-နမ့်ဖတ်ကာကြားမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ သိန္နီမြို့ပေါ်မှာ စာသင်ကျောင်းနဲ့ ဈေးတွေ ယာယီပိတ်ထားပါတယ်။

 

လတ်တလော လားရှိုးမြို့ပြင်မှာရှိနေတဲ့  နည်းပညာတက္ကသိုလ်တက်နေတဲ့ အဆောင်နေ ကျောင်းသားတွေလည်း မြို့ထဲကိုရွှေ့နေကြတယ်လို့ သိရပါတယ်။

 

 

မူဆယ် ၁၀၅မိုင် မော်တောင်းရွာ၊ တာလုံရွာ၊ နန်းပေါ်တံတားအကျော် နန်း အွန်းအထွက် သစ်တောရုံးအနီးမှာလည်း တိုက်ပွဲဖြစ်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

 

မနေ့  သြဂုတ် ၁၆  ညကလည်းကျောက်မဲမြို့ကအမြှောက်တပ်ကိုလက်နက်ကြီးနဲ့ဝင်ပစ်သွားပြီး သေနတ်သံတွေကြောင့် ဒေသခံတွေ ထိတ်လန့်နေတဲ့အကြောင်း ကူညီရေးလုပ်နေတဲ့ ကျောက်မဲဒေသခံ ကိုသားဇော် ပြောပြတာက

 

“မနေ့ညက ပစ်ပြီးထွက်ပြေးသွားတာ အရိပ်ယောင်ကို မမြင်လိုက်ရဘူး တညလုံး သန်းခေါင်လောက်ထိ တဖျောက်ဖျောက်တော့ကြားနေရတယ် ကျောက်မဲအပါအဝင် ရှမ်းမြောက်ကတော့ အကုန်လုံး တုန်လှုပ်ခြောက်ခြားနေကြတယ်။ စစ်ရှောင်တွေတော့ ရောက်မလာသေးဘူး ” လို့ ပြောပါတယ်။

 

သြဂုတ် ၁၅ ရက်က ပြင်ဦးလွင် ၊ နောင်ချို ကနေရာတချို့ကို ညီနောင်မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ပြီးနောက် ခုလိုတိုက်ပွဲတွေပြင်းထန်လာတာဖြစ်ပါတယ်။ တိုက်ပွဲအကျအဆုံး အပျက်အစီးတွေသိနိုင်ဖို့ ၂ဖက် လက်နက်ကိုင်တပ်ဖွဲ့တွေကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ ရှမ်းပြည်မြောက်ပိုင်းမှာနေတဲ့ ဒေသခံတွေကတော့ ကျီးလန့်စာစားဖြစ်ပြီး ထိတ်လန့်နေကြတယ်လို့. တိုက်ပွဲဖြစ်နေတဲ့ ဒေသမှာနေသူတွေက ပြောပါတယ်။

 

 

#voiceofmyanmar #ရှမ်းမြောက်တိုက်ပွဲ #လားရှိုး #ကျောက်မဲ #သိန္နီ

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW