မိုင်းခွဲခံခဲ့ရတဲ့ ဂုတ်တွင်းတံတားနေရာမှာ အသစ်တည်ဆောက်ထားတဲ့ ဘေလီတံတားကနေ ဖြတ်သန်းသွားလာနိုင်ပြီ

နောင်ချို၊ သြဂုတ် ၂၀ -၂၀၁၉

ဖြူဖြူ(VOM)

 

ပြီးခဲ့တဲ့ရက်ပိုင်းက မိုင်းခွဲဖျက်စီးခံခဲ့ရတဲ့ နောင်ချိုမြို့နယ်ထဲက ဂုတ်တွင်းတံတားနေရာမှာ ပြန်လည်တည်ဆောက်ထားတဲ့ ယာယီဘေလီတံတားကနေ ဒီနေ့ သြဂုတ်၂၀ ရက် နေ့လည်ကစပြီး ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

 

“တံတားပြီးစီးပြီလို့တော့ ကြားပါတယ်။ ဒါပေမယ့် သွားရေးလာရေး အဆင်ပြေမပြေက ရှိသေးတော့ ခုတော့ မတက်ရဲသေးပါဘူး။ စစ်ရေးအခြေအနေ ငြိမ်မငြိမ်က အတိအကျမသိရသေးဘူး။ တံတားပျက်သွားတာကြောင့်တော့ အတော်လေးဒုက္ခရောက်ရပါတယ်။” လို့ မူဆယ်နယ်စပ်ကုန်သွယ်ရေးကို သွားလာလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်းက ကျွဲ၊ နွားကုန်သည်တစ်ဦးက ပြောပါတယ်။

 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ဂုတ်တွင်းလမ်းဘက်မှာ သြဂုတ် ၁၅ ရက်က ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေရှိခဲ့သလို လမ်းတံတားတွေလည်း မိုင်းခွဲဖျက်စီးခံခဲ့ရတာပါ။

 

ဂုတ်တွင်းတံတား မိုင်းခွဲခံခဲ့ရမှုကြောင့် တရုတ်ပြည်၊ နယ်စပ်ကုန်သွယ်ရေးဘက် ဆက်သွယ်နေတဲ့ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ခဲ့ရသလို ရှမ်းပြည်နယ်ဘက်ကိုသွားလာနေတဲ့ ခရီးသွားတွေလည်း အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။

 

ပျက်စီးသွားတဲ့ တံတားနေရာမှာ နှစ်လမ်းသွား ဘေလီတံတားကြီး ပြန်လည်တည်ဆောက်နိုင်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အဲဒီတံတားကနေ ယာဉ်၊ ကုန် ၃၆ တန် ကားများနဲ့ ခရီးသည်တင်ကား၊ အိမ်စီးကားတွေကို ဖြတ်သန်းခွင့်ပြုသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။

 

သြဂုတ် ၁၅ ရက်က ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့သို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နဲ့ နယ်မြေခံ တပ်ရင်းဌာနချုပ်တစ်ခုတို့ကို လက်နက်ကြီး၊ ငယ်တွေနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး အဲဒီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တပ်မတော်ဘက်က အရာရှိစစ်သည် ၉ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၃ ဦး၊ အရပ်သား ၃ ဦး စုစုပေါင်း ၁၅ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးရှိခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်နည်းပညာတက္ကသိုလ်က ပျက်စီးဆုံးရှုံးမှုနဲ့ ရဲတပ်ဖွဲ့က လက်နက်ခဲယမ်းတွေရဲ့တန်ဖိုးမပါ စုစုပေါင်း ကျပ်သိန်း ၂၈၂၁ သိန်းဖိုး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီပစ်ခတ်မှုတွေကို  TNLA( တအောင်းလွတ်မြောက်ရေးတပ်မတော်)၊ AA(ရခိုင်တပ်မတော်) ၊ MNDAA မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်အဖွဲ့)တို့ဘက်က ပစ်ခတ်တာလို့ TNLA ဘက်က အတည်ပြု ပြောဆိုထားပါတယ်။

 

#voiceofmyanmar #နောင်ချို #ဂုတ်တွင်းတံတား

Related posts

Leave a Comment

VOM News

FREE
VIEW