ကျောက်တော်မြို့နယ်အတွင်းမှာ ရဲကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကျောက်တော်၊ သြဂုတ် ၂၀-၂၀၁၉

ခိုင်လင်းစံ (VOM)

 

တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ကျောက်တော်မြို့နယ်မှာ ဒီနေ့ သြဂုတ်လ ၂၀ ရက် မနက်ပိုင်း ၁၀ နာရီခွဲလောက်က ရဲတပ်ဖွဲ့ကားတန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။

 

အဲ့ဒီကားတန်းဟာ လုံ/ထိန်းရဲတပ်ဖွဲ့က ကားတန်းဖြစ်ပြီး ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အကြားက ဒေးဝန်းရွာနဲ့ ဆောင်းဒုံကျေးရွာအကြားမှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်တယ်လို့ ကျောက်တော်ဒေသခံတွေက ပြောပါတယ်။

 

“မိုင်းပေါက်တယ်ဆိုတာတော့ ကြားပါတယ်။ ဒီမှာက အွန်လိုင်းလည်းမရဘူးဆိုတော့ ဘယ်လိုဖြစ်တယ်ဆိုတာကို မသိရဘူးဗျ။ သတင်းကြားတာကတာ့ ဒေးဝန်းရွာနားမှာ ရဲတပ်ဖွဲ့ကားတန်းလာတဲ့အချိန်မှာ ပေါက်ကွဲတယ်လို့ပဲ သိရပါတယ်။”လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။

 

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အဲ့ဒီတိုက်ခိုက်မှုဟာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ AA တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

 

“မနက်ပိုင်း ၁၀ နာရီခွဲလောက်မှာ အုပ်ချုပ်မှုဆောင်ရွက်နေတဲ့ ယာဉ်တန်းကို AA ဘက်ကနေပြီးတော့ ဆွဲမိုင်းဆွဲပြီး တိုက်ခိုက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ကားလည်းနည်းနည်းထိခိုက်သွားတယ်။”လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

 

တိုက်ခိုက်မှုခြေအနေနဲ့ပတ်သက်လို့ သတင်းအတိအကျရရှိနိုင်ရေးအတွက် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းဆီကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အဆက်အသွယ်မရရှိခဲ့ပါဘူး။

 

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စခန်းတွေကိုပါ တိုက်ခိုက်မှုတွေရှိလာနေပြီး မြောက်ဦးရဲတပ်ရင်းအပြင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့ဒေသတွေက ရဲကင်းစခန်းပေါင်း ၇ ခုခန့် တိုက်ခိုက်ခံခဲ့ပြီး ဖြစ်ပါတယ်။

 

#voiceofmyanmar #ရခိုင် #ကျောက်တော် #ရဲကားတန်းမိုင်းဆွဲတိုက်ခိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW