ဂုတ်တွင်းက ပျက်စီးသွားတဲ့ တံတားဘေးမှာ နောက်ထပ်အသစ်တစ်စင်း ဆောက်မယ်

နောင်ချို၊ သြဂုတ် ၂၁ – ၂၀၁၉

ကိုထွန်း(VOM)

 

မိုင်းခွဲဖျက်စီးခံခဲ့ရတဲ့ နောင်ချိုမြို့နယ်ထဲက ဂုတ်တွင်းတံတားနေရာမှာ ပြန်လည်ပြုပြင်တည်ဆောက်ထားတဲ့ ဘေလီတံတားဟာ ၃၆ တန် ယာဉ်တွေသာ သွားလာနိုင်သေးတာဖြစ်တဲ့အတွက် ၄၈ တန်ရှိတွဲကားကြီးတွေ သွားလာနိုင်ဖို့ နှစ်လမ်းသွား တံတားအသစ်တစ်စင်း ထပ်မံတည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။

 

“လောလောဆယ် ၃၆ တန်ပဲဖြတ်လို့ ရတယ်။ လားရှိုးကိုသွားတဲ့ ကားတွေက ၄၈ တန်တွဲကားကြီးတွေ များတယ်။ ဒါကြောင့်တွဲကားကြီးတွေ သွားနိုင်အောင် ကျနော်တို့ ဆက်ကြိုးစားသွားမှာပါ။ အများဆုံး တစ်လလောက်တော့ ကြာဦးမှာပေါ့။”လို့ သူက ပြောခဲ့တာပါ။

 

ဒီနေ့ သြဂုတ် ၂၁ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ ဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်က ဂုတ်တွင်းတံတား မိုင်းခွဲခံခဲ့ရတာဖြစ်ပြီး အဲဒီတံတားနေရာမှာ ယာယီဘေလီတံတားကို တည်ဆောက်ခဲ့ရာ မနေ့ သြဂုတ် ၂၀ ရက် နေ့လည်ကစလို့ ၃၆ တန်နဲ့အောက် ယာဉ်တွေ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ပါတယ်။

 

အဲဒီတံတားဟာ ယာယီဘေလီတံတားသာဖြစ်ပြီး နောက်ပိုင်းမှာ ဒီတံတားကိုငုံပြီးတော့ ပါမစ်နစ်တံတားအသစ်တစ်စင်းနဲ့ အပြိုင်တံတားအသစ်တစ်စင်းလည်း တည်ဆောက်ဖို့ အစီအစဉ်ရှိနေတာ ဖြစ်တဲ့အတွက် နှစ်လမ်းသွား တံတားနှစ်စင်း ရရှိတော့မှာ ဖြစ်ပါတယ်။

 

“အခု အချိုးခံထားရတဲ့ ဂုတ်တွင်းတံတားဘေးမှာ တံတားအသစ်တစ်စင်း ထိုးမယ်၊ သူနဲ့အပြိုင်ပေါ့။ အဲဒီတံတားပြီးလို့ အဲဒီအပေါ်ကားတွေ ဖြတ်တဲ့အချိန်မှာ ဒီဘက်က ဘေလီတံတားကြီးကို ဖြုတ်မယ်၊ နောက်ထပ် နှစ်လမ်းသွား တစ်စင်းဆောက်မယ်။” လို့ ဆိုပါတယ်။

 

ဒါတွေအတွက် ကုန်ကျမှုကိုတော့ တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်တွေက ပစ်ခတ်မှုတွေကြောင့် ဂုတ်တွင်းတံတားအပြင် တရုတ်ပြည် နယ်စပ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သွားလာဖို့ အဲဒီလမ်းပိုင်းမှာရှိတဲ့ တံတားသုံးစင်း ပျက်စီးခဲ့ပြီး တစ်စင်းကိုပြုပြင်ပြီးပေမယ့် နောက်ထပ်နှစ်စင်းကတော့ တစ်ပတ်အတွင်းမှာ ပြီးနိုင်မယ်လို့ ဒုဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ လက်တလောအချိန်အထိ တိုက်ပွဲတွေကလည်း ဆက်ရှိနေသေးပြီး တံတားပြုပြင်တည်ဆောက်မှုတွေအတွက်တော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်ပေးထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #နောင်ချို #ဂုတ်တွင်း #နေပြည်တော်

 

Related posts

Leave a Comment

VOM News

FREE
VIEW