ဂျာကင်စက်ရုံပိုင်ရှင်ကို အလုပ်သမားတွေ ဆန္ဒပြ

ရန်​ကုန်​၊ သြဂုတ်​ ၂၄ – ၂၀၁၉

မိုးယံ(VOM)

 

ရန်​ကုန်​တိုင်း လှိုင်​သာယာမြို့နယ်​ ​ရွှေလင်​ပန်းစက်​မှုဇုန်က အလုပ်​သမားတွေနဲ့ ​ရွှေပြည်​သာမြို့နယ်​ သာဓုကန်​စက်​မှုဇုန်က အလုပ်​သမားတွေ ပူး​ပေါင်းပြီး အင်​အားရာကျော်ဟာ Young Clothing 1 နဲ့ 2 ဂျာကင်စက်​ရုံ အလုပ်​ရှင်ကို ဒီ​နေ့ မနက်​ ၉ နာရီက ​အလုပ်သမားရပိုင်ခွင့်တွေအတွက်ဆိုပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

“အလုပ်ဆင်းချိန်နောက်ကျတယ်။ တစ်ရက်ပျက်ရင် ဘောနပ်ကြေးပြုတ်သွားရော။ လှိုင်သာယာ စက်ရုံ Young Clothing 1 မှာ ဘောနပ်နှစ်သောင်း၊ သုံးသောင်းရတယ်။ ဒီစက်ရုံမှာ တစ်သောင်းပဲရတယ်။ အမေသေတာ ခွင့်မပေးဘူး။ သူဌေးကအတူတူပဲ ဖြစ်တဲ့အတွက် အခွင့်အရေး အတူတူပဲဖြစ်ချင်လို့ စက်ရုံ နှစ်ရုံပူးပေါင်းပြီး ဆန္ဒပြရတာပါ။”လို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ မငြိမ်းငြိမ်းက ပြောပါတယ်။

 

မပန်းအိကလည်း “ယောကျာ်း သေတာတောင် အရင်းနှီးဆုံးမိတ်ဆွေတဲ့၊ ဆွေမျိုးမတော်လို့ ခွင့်မပေးနိုင်ဘူးတဲ့။ အတင်းပြောတော့မှ သင်္ဂြိုလ်တဲ့နေ့ရယ်၊ ပို့တဲ့နေ့ရယ် နှစ်ရက်ပဲပေးတယ်။ အဖေအမေသေတာတောင် ခွင့်သုံးရက်ပဲပေးတယ်။ ရက်မှန်ကြေး အကုန်ဖြုတ်တယ်။”လို့ ပြောပါတယ်။

 

ရက်မှန်ကြေး ၄၀၀၀ ပေးရန်၊ ဘောနပ်ကြေး သုံးသောင်းခွဲပေးရန်၊ ရှောင်တခင်ခွင့်နဲ့ နှစ်ပြည့်ခွင့်၊ ဆေးခွင့်တွေနဲ့ ပျက်ရင် လစာမဖြတ်တောက်ဘဲ လစာအပြည့်ပေးရန်၊ ကျောင်းသားတွေကို ကျောင်းတက်ခွင့် (၄၅)ရက်ပေးရန် စတဲ့တောင်းဆိုချက်တွေ အပါအဝင် ၁၉ ချက်ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

 

စက်ရုံဘက်ကို စာတင်တောင်းဆိုထားပေမယ့် စက်ရုံဘက်ကတော့ တနင်္လာနေ့မှ ညှိနှိုင်းမယ်လို့ အကြောင်းပြန်ထားပြီး အလုပ်သမားတွေအနေနဲ့က တောင်းဆိုချက်တွေ မရမချင်း ဆက်လက် ဆန္ဒထုတ်ဖော်သွားမယ်လို့ အလုပ်သမား ခေါင်းဆောင် မပန်းအိက ပြောပါတယ်။

 

“လှိုင်​သာယာ အလုပ်​သမား​တွေက နယ်​​မြေ​ကျော်​ပြီး လာစည်းရုံးလို့ အခုလို လူစုလူ​ဝေး​တွေဖြစ်​ကုန်​တာ။ အလုပ်​သမားတွေဘက်​က ဘာမှတင်​ပြလာတာ မ​တွေ့​သေးဘူး။”လို့ ​ရွှေပြည်​သာမြို့နယ်​ အလုပ်​သမား ဆက်​ဆံ​ရေး ဦးစီးဌာန ဦးစီးမှူး ဦးမင်းရဲ​ဇော်​က​ ပြောပါတယ်​။

 

ရွှေလင်ပန်းစက်မှုဇုန်က အလုပ်သမားတွေဟာ မနေ့ မနက် ၁၀ နာရီဝန်းကျင်လောက်က သာဓုကန်စက်မှုဇုန်က အလုပ်သမားတွေကို အတူပူးပေါင်းပြီး ဆန္ဒပြဖို့ စည်းရုံးခဲ့တာပါ။ အဲဒီဂျာကင်စက်ရုံ နှစ်ခုပေါင်းမှာ အလုပ်သမားဝန်ထမ်း တစ်သောင်းကျော်ရှိပြီး တရုတ်နိုင်ငံသားပိုင်လို့ သိရပါတယ်။

 

 

#voiceofmyanmar #ရန်ကုန် #အလုပ်သမားဆန္ဒပြ

 

Related posts

Leave a Comment

VOM News

FREE
VIEW