ရေတံခွန်တောင်စီမံကိန်း ပဋိပက္ခဖြစ်ပွားမှု ရဲတပ်ဖွဲ့နဲ့ တောင်သူတွေ အပြန်အလှန် အမှုဖွင့်ထား

မန္တလေး၊ ဩဂုတ် ၂၇-၂၀၁၉

ဟိန်းကို၊ ဖြူဖြူ (VOM)

 

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အနီးက ရေကြည်ကျေးရွာမှာ ရွာသူ၊ ရွာသားတွေ ပိုင်ဆိုင်တဲ့မြေကို ရေတံခွန်တောင်စီမံကိန်းနယ်မြေဆိုပြီး သြဂုတ် ၂၅ ရက် မနက်ပိုင်းက စည်ပင်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ခြံဝင်းခတ်မှုပြုလုပ်စဉ် ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

 

ပဋိပက္ခဖြစ်ပွားစဉ်မှာ တောင်သူ မလှခိုင်ဆိုသူ ဓါးခုတ်ခံခဲ့ရကာ ဂုတ်ပိုးနဲ့နားထင် ဒဏ်ရာရရှိခဲ့တဲ့အတွက် မလှခိုင်ရဲ့ ဖခင်ဖြစ်သူက အရေးယူပေးဖို့ ပုသိမ်ကြီးမြို့နယ်ရဲစခန်းမှာ တိုင်တန်းခဲ့ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၄ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု)နဲ့ ရဲစခန်းက အမှုဖွင့်ပေးထားပါတယ်။

 

ကျူးလွန်သူဟာ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ ဒေသခံအချို့က စွပ်စွဲပြောဆိုတာတွေလည်းရှိတဲ့အတွက်  ဒါနဲ့ပတ်သက်ပြီး ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးလှမြင့်ကတော့ “အဲဒါမဟုတ်ပါဘူး။ ခြံခတ်တဲ့နေ့စားဝန်ထမ်းတွေ ဖြစ်ပါလိမ့်မယ်။ ရဲကတော့ လုံးဝလုံးဝမလုပ်ပါဘူး။ ကျနော်တို့ဘက်က သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းနဲ့အညီ လုံခြုံရေးဆောင်ရွက်နေတာ ဖြစ်ပါတယ်။”လို့ ပြောပါတယ်။

 

လက်ရှိမှာ ဓါးခုတ်မှုကျူးလွန်သူကို ဖမ်းဆီးဖို့ဆောင်ရွက်နေသလို ရဲတပ်ဖွဲ့ဘက်ကလည်း ဓါးခုတ်ခံရသူအပါအဝင် ဒေသခံ ၁၀၀ ဦးခန့်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၂/၃၃၃/၃၃၆/၂၉၄/၅၀၆/၁၁၄ တို့နဲ့ ပုသိမ်ကြီးရဲစခန်းမှာ ပြန်လည်အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

 

အခု အငြင်းပွား​နေတဲ့ မြေ​ဧက ၅၀၀ ကျော်ဟာ ဖွံ့ဖြိုးသစ်​ကုမ္ပဏီက တာဝန်​ယူ ​ဆောင်​ရွက်​မယ့်​ ​ရေတံခွန်​​တောင်​စမတ်​စီးတီး စီမံကိန်း​မြေဖြစ်ပြီး ခြံဝင်းခတ်မှုတွေကြောင့် ဒေသခံတွေနဲ့ ပြေလည်မှု  မရရှိသေးပါဘူး။

 

ဩဂုတ်၂၅ ရက်ကတည်းက ရေတံခွန်တောင်သွားတဲ့ လမ်းကို ရဲတပ်ဖွဲ့နဲ့ စည်ပင်အဖွဲ့က သွပ်ပြားတွေနဲ့ပိတ်ကာ ခြံဝင်းခတ်မှု ပြုလုပ်နေပြီး လက်ရှိအချိန်အထိ ရဲအင်အားအများအပြားနဲ့ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

 

#voiceofmyanmar #မန္တလေး #ပုသိမ်ကြီး #ရေတံခွန်တောင်စမတ်စီးတီး

Related posts

Leave a Comment

VOM News

FREE
VIEW