တရားစွဲခံထားရတဲ့ ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ကျန်းမာရေးအာမခံအတွက် နောက်ရုံးချိန်း ပြန်ချိန်း

ပုသိမ်၊ သြဂုတ် ၃၀ – ၂၀၁၉

ကိုအောင် (VOM)

 

ယုံကြည်အပ်နှံဖောက်ဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ ဧရာဝတီတိုင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ရဲ့ ကျန်းမာရေးအာမခံအတွက် ဆရာဝန်ကိုစစ်ဆေးပြီး အာမခံပေး၊ မပေး ဆုံးဖြတ်မှာဖြစ်ပေမယ့်  ဒီနေ့ သြဂုတ် ၃၀ ရက် ရုံးချိန်းမှာ  ဆရာဝန်ရောက်မလာတာကြောင့် ပုသိမ်မြို့နယ်တရားရုံးကနေ စက်တင်ဘာ ၄ ရက်ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

 

ဦးစံမင်းအောင်ဘက်က တရားရုံးကို ဆေးစာတွေဖတ်ဖို့ ပုသိမ်ထောင် ဆရာဝန်ကို တင်သွင်းပေမယ့် တရားရုံးကို လာရောက်ခြင်းမရှိတာကြောင့် တိုင်းကျန်းမာရေးက ဆရာဝန်တစ်ဦးကို ပြောင်းလဲ လျှောက်ထားခဲ့တယ်လို့ သူ့ရှေ့နေ ဦးနေလင်းအောင်က ပြောပါတယ်။

 

“ပထမ ထောင်ဆရာဝန်က လာမယ်ပြောပြီး ထောင်ကို တရားရုံးလာဖို့ သမ္မာန်စာ ရောက်မလာတာကြောင့် မလာဖြစ်တော့ဘူးပြောတယ်။ ဒါကြောင့် ကျန်းမာရေးဋ္ဌာနက သက်ဆိုင်ရာ ဆရာဝန်တစ်ဦးကို အစားထိုးဖို့ပဲ တင်ပြလိုက်တာ။ တရားသူကြီးက လက်ခံလိုက်တယ်။ ” လို့ ဦးနေလင်းအောင်က ဆိုပါတယ်။

 

ဦးစံမင်းအောင်ဟာ ၂၀၁၈ ခုနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သိန်း ၁၅၈၀ ကို အသုံးပြုပြီး တိုင်းလွှတ်တော်အတွက် ကားငါးစီးဝယ်ယူခဲ့ရာမှာ ၁၉ သိန်းကျော်ကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တယ်ဆိုပြီး တိုင်းလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းရဲ့ တရားလိုပြုတိုင်ကြားမှုကြောင့် အမှုရင်ဆိုင်နေရတာပါ။

 

သြဂုတ်၂၂ ရက်က ပုသိမ်မြို့နယ်တရားရုံးမှာ ထောင်ဒဏ် ဆယ်နှစ် ဒါမှမဟုတ် တသက်တကျွန်းဖြစ်စေချမှတ်နိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၄၀၉ နဲ့ တရားစွဲဆိုခံနေရသူ ဦးစံမင်းအောင်ဟာ နှလုံးသွေးကြောကျဉ်းရောဂါ၊ တီဘီရောဂါနဲ့  လိပ်ခေါင်းရောဂါတွေ ခံစားနေရတယ်လို့ ဆေးစာတင်ပြထားတာ ဖြစ်ပါတယ်။

 

ဆရာဝန်ကိုစစ်ဆေးပြီး အာမခံပေး၊ မပေး ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိရင် အာမခံရရှိရေးအတွက် အဆင့်ဆင့်ဆောင်ရွက်သွားမယ်လို့ ဦးစံမင်းအောင်ရဲ့ရှေ့နေက ပြီးခဲ့တဲ့ရုံးချိန်းမှာ ပြောဆိုထားပါတယ်။ ဒီအမှုကို ၉ လအတွင်း အပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ပုသိမ် #ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ

Related posts

Leave a Comment

VOM News

FREE
VIEW