အချုပ်ခန်းအတွင်းက အချုပ်သား ထွက်ပြေးလွတ်မြောက်မှုနဲ့ ပတ်သက်ပြီး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးနေ

မန္တလေး၊ ဩဂုတ် ၃၁-၂၀၁၉

ဖြူဖြူ (VOM)

 

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တရားရုံး အချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားကိစ္စနဲ့ပတ်သက်ပြီး တာဝန်ကျ တပ်ဖွဲ့ဝင် ၁၄ ဦးခန့်ကို စစ်ဆေးနေတယ်လို့ အမှုကိုကိုင်တွယ်ဖြေရှင်းနေတဲ့ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့ဆီက သိရပါတယ်။

 

“လက်ရှိမှာတော့ အချုပ်တရားခံ ထွက်ပြေးမှုနဲ့ ပတ်သက်ပြီး တပ်ဖွဲ့ဝင်တွေကို မည်သည့်အတွက်ကြောင့် ထွက်ပြေးလွတ်မြောက် ဖြစ်ရခြင်းကို စုံစမ်းစစ်ဆေးနေပါတယ်။” လို့ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးက ပြောပါတယ်။

 

သြဂုတ် ၂၉ ရက်က မနက်ပိုင်းက ခိုးမှုနဲ့ အချုပ်ကျနေတဲ့ အချုပ်သားတစ်ဦးကို အချုပ်ရမာန်ယူဖို့အတွက် ရုံးထုတ်လာပြီး တရားရုံး အချုပ်ခန်းအတွင်း ချုပ်နှောင်ထားစဉ် ထွက်ပြေးလွတ်မြောက်မှု ဖြစ်ပွားခဲ့တာပါ။ ဒီနေ့ သြဂုတ် ၃၁ ရက်နေ့အထိ အချုပ်သားကို ပြန်လည်ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

 

တရားရုံးအချုပ်ခန်းကနေ ထွက်ပြေးသွားသူဟာ စစ်ကိုင်းတိုင်း ကသာမြို့နယ် သာစည်ကျေးရွာနေသူ မောင်မောင်(ခ)ငမောင်( ၂၆ နှစ်) ဖြစ်ပြီး အမှတ်(၅) မြို့မရဲစခန်းမှာ (ပ)၅၇၆ /၂၀၁၉၊ ရာဇာတ်သတ်ကြီး ဥပဒေပုဒ်မ – ၃၈၀ နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။

 

ဩဂုတ် ၂၈ ရက်က နေအိမ်တစ်အိမ်ပေါ်တက်ပြီး ငွေကျပ်သိန်း ၁၂၀ ခိုးယူမှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သား ဖမ်းဆီးရမိရေး ကြိုးစားနေပြီး ဖမ်းမိပါက စုံစမ်းစစ်ဆေးမှု အခြေအနေပေါ် မူတည်ကာ ပေါ်ပေါက်လာမယ့် အမှုတွေအပါအဝင် အခုလို ထွက်ပြေးမှုအတွက် နောက်တိုးအမှုတွေနဲ့ အမှုဖွင့် အရေးယူသွားမယ်လို့ မဟာအောင်မြေမြို့နယ် ရဲမှူးက ပြောပါတယ်။

 

နိုင်ငံရေးတက်ကြွ လှုပ်ရှားသူအချို့ကတော့ လူကြီးလမ်းကြောင်းတွေ၊ ကျူးရှင်းလင်းရေးတွေ၊ မြေယာပြသနာတွေလိုနေရာတွေမှာ ရဲအင်အားအသုံးပြုမှု အများအပြားရှိနေပေမယ့် တရားရုံးနဲ့ အချုပ်တွေမှာ ရဲအင်အား၊ ရဲတပ်ဖွဲ့အသုံးအဆောင်တွေ မလုံလောက်ဘဲ တပ်ဖွဲ့ဝင်တွေဟာ သူတို့အတွေ့အကြုံနဲ့ ကြုံသလို ဆောင်ရွက်နေရတဲ့ အနေအထားတွေ ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

 

“ရဲဝန်ထမ်းမလုံလောက်တာလည်း ပါတယ်၊ နိုင်ငံတော်ကနေ ရဲနဲ့ပတ်သက်တဲ့ ထောက်ပံ့ပစ္စည်း လိုအပ်ချက်ရှိတာတွေလည်းပါတယ်။ အချုပ်သားတွေ ခေါ်လာတဲ့အခါမှာ အချုပ်ကားမှ မဟုတ်ဘဲ။ ဖြစ်သလို ကားတွေနဲ့ခေါ်လာတယ်။ တချို့လည်း လက်ထိပ်မလုံလောက်တော့ ကြိုးတွေနဲ့တုတ် ဘာညာနဲ့။ တရားရုံးတွေမှာ အမှုရင်ဆိုင်နေရတဲ့ ရာဇဝတ်သားဆိုတာက သူလွတ်မြောက်ဖို့ အမြဲကြံစည်နေမှာပဲ။”လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုသိန်းအောင်မြင့်က ဆိုပါတယ်။

 

အခုလို အချုပ်သား ထွက်ပြေးလွတ်မြောက်မှုနဲ့ ပတ်သက်ပြီး တာဝန် ပေါ့လျော့ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို စစ်ဆေးမေးမြန်းပြီးပါက ရဲစည်းကမ်းထိန်းသိမ်းရေးအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။

 

ရဲမှူးက “အဓိကကတော့ တာဝန်ဆောင်ရွက်ရတဲ့နေရာမှာ ပေါ့လျော့တာပေါ့နော်၊ အဲဒီအပိုင်းပါပဲ။ နောက်ပိုင်းကတော့ စနစ်တကျ ကြီးကြပ်ပြီး စီမံမှာပေါ့နော်။ ဒီလိုဖြစ်စဉ်မျိုးမဖြစ်အောင် သေချာစနစ်တကျ ကြပ်မတ်ပြီးတော့ ဆောင်ရွက်သွားပါမယ်။”လို့ ပြောပါတယ်။

 

#voiceofmyanmar #မန္တလေး #အောင်မြေသာစံ #အချုပ်သားထွက်ပြေးမှု #မဟာအောင်မြေ

Related posts

Leave a Comment

VOM News

FREE
VIEW