ဈေးဝယ်ထွက်လာတဲ့ ဒုရဲအုပ်ဓါးထိုးခံရပြီးသေဆုံး

ပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်မြို့နယ်အကြားမှာရှိတဲ့ ယိုးတရုတ်ရဲစခန်းက ဒုရဲအုပ်တစ်ဟာ ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့မနက်ပိုင်းမှာ ဈေးဝယ်ထွက်လာစဉ် ဓါးနဲ့ထိုးသတ်ခံလိုက်ရပြီး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

 

သေဆုံးသူ ဒုရဲအုပ်ဇော်မင်းဌေးဟာ ယိုးတရုတ်ရဲစခန်းမှာတာဝန်ကျနေတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်း ၇ နာရီကျော် လောက်မှာ ယိုးတရုတ်ကျေးရွာဈေးသို့ ဇနီးဖြစ်သူနဲ့အတူ ဈေးဝယ်ဖို့လိုက်လာစဉ် လူတစုက ဓါးနဲ့ထိုးသတ်ခဲ့ကြတာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

 

“မနက်ပိုင်းမှာ သူကသူ့မိန်းမနဲ့အတူ ဈေးကိုသွားတယ်။ အဲ့ဒီဈေးကိုရောက်တဲ့အချိန်မှာ လူတစ်စုက သူ့ကိုဝိုင်းဝန်းပြီးတော့ ဓါးနဲ့ထိုးသွားတာ။ အဲ့ဒီလူတွေကတော့ ထွက်ပြေးသွားတဲ့အတွက် ဘယ်သူတွေဆိုတာကို မသိလိုက်ရဘူး။ စုံစမ်းနေပါ တယ်။”လို့ ယိုးတရုတ်ရဲစခန်းကနေသိရပါတယ်။

ဒုရဲအုပ်ဇော်မင်းဌေးအား လုပ်ကြံသတ်ဖြတ်သူ အနည်းဆုံး ၇ ဦးခန့်ရှိမည်ဖြစ်ပြီး ဘယ်အဖွဲ့အစည်းကဆိုတာကိုမသိကြောင်းနဲ့ လုပ်ကြံခံရသူဒုရဲအုပ်မှာ အဲ့ဒီနေရာမှာ ဓါးဒစ်ရာတွေနဲ့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။

 

“ကျွန်တော်က စခန်းကဖုန်းဆက်လာမှပဲ သိရတာပါ။ မနက် ၇ နာရီလောက်မှာဖြစ်တယ်လို့ပြောပါတယ်။ သူနဲ့အတူ သူ့မိန်းမပါပါတယ်။ ဈေးကိုလာကြတဲ့အချိန်မှာ ဓါးထိုးခံရတာလို့သိရပါတယ်။”လို့ ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းကပြောပါတယ်။

ယိုးတရုတ်ရဲစခန်းကို မတ်လအတွင်းကလည်း ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့ရပြီး တချို့မှာ ဒါဏ်ရာရရှိခဲ့ကြပါတယ်။

 

သေဆုံးသူ ဒုရဲအုပ် ဇောမင်းဌေးရဲ့အလောင်းကိုတော့ နေ့လယ်ပိုင်းမှာ ယိုးတရုတ်ဆေးရုံကနေ ပုဏ္ဏားကျွန်းကိုသယ်ဆောင်သွားခဲ့ပြီး ပုဏ္ဏားကျွန်းမှာပဲ သဂြိဟ်မှာဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

 

#voiceofmyanmar # ပုဏ္ဏားကျွန်း #ဒုရဲအုပ်ထားထိုးခံရ #ရခိုင်ပြည်နယ်

Related posts

Leave a Comment

VOM News

FREE
VIEW