မြောက်ဒဂုံမှာ တောင်ကိုရီးယားနိုင်ငံသူကို ရိုက်နှက်ပြီး ပစ္စည်းလုယူသူကို ရွှေဘိုမှာ ဖမ်းမိ

ရွှေဘို စက်တင်ဘာ ၄-၂၀၁၉

မိုင်ချယ်ရီ(VOM)

ရန်ကုန်တိုင်း မြောက်ဒဂုံ(၄၈) ရပ်ကွက် ဗိုလ်မှူးဗထူးလမ်း ၊ ဗိုလ်မှူးဗထူးတန်ဖိုးများ အိမ်ရာ တိုက် (A-1) အခန်း ၅၀၁ မှာ နေထိုင်တဲ့ ကိုရီးယားနိုင်ငံသူ Mrs. Kim Min Sook ကို နေအိမ်အတွင်းမှာ ရိုက်နှက်ပြီး  ပစ္စည်းတွေ လုယက်သွားသူကို စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဘိုမြို့မရဲစခန်း ကနေ သိရပါတယ်။

 

စက်တင်ဘာလ ၂ ရက်နေ့ မနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က ကိုရီးယားနိုင်ငံသူကို ရိုက်နှက်ပြီး ကျပ် ၅ သိန်း တန်ဖိုးရှိတဲ့ ဖုန်း ၊ လက်ဝတ်ရတနာအချို့ နဲ့ နိုင်ငံခြားငွေအချို့ စုစုပေါင်း ငွေကျပ် တန်ဖိုး ကျပ်သိန်း ၃၀၀ ခန့် ရှိတဲ့ ပစ္စည်းတွေ ကို လုယက်သွားတာဖြစ်ပါတယ်။

 

လုယက်သူကိုစုံစမ်းခဲ့ရာမှာတော့ အဲကွန်းပြင်လုပ်ငန်း  လုပ်ကိုင်တဲ့ Wai Yan Electronics အဲကွန်း ပြုပြင်တပ်ဆင်တဲ့ ဆိုင်ကနေ ခေါ်ယူ ပြုပြင်နေကျ အသက် (၂၇) နှစ်အရွယ် ကိုမျိုးအောင် ဆိုသူဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။

 

လုယက်သူဟာ ရန်ကုန်တိုင်းကနေ ထွက်ပြေးခဲ့ပြီး ရွှေဘိုမြို့နယ်မှာ ရောက်ရှိနေတယ်လို့ သိရတာကြောင့် ရွှေဘိုမြို့နယ် အမှတ်(၂) ရပ်ကွက် ဆီခြံလမ်းမှာရှိတဲ့ ဒေါ်ပုမ ရဲ့ နေအိမ်ကို ၀င်ရောက်ရှာဖွေချိန် စက်တင်ဘာလ ၃ ရက်နေ့ ည ၁၀ နာရီ ကျော် အချိန်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရွှေဘိုမြို့မရဲစခန်း က စခန်းမှူး ဒုရဲမှူး သိန်းဆန်းဦး က ပြောပါတယ်။

 

သူက “တရာခံ နဲ့ သက်သေခံပစ္စည်းတွေကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို အမြန်ဆုံး အပ်နှံနိုင်ဖို့ ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

 

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူကိုရိုက် ငွေလုယက်သူကို ဒဂုံ(မြောက်)မြို့မရဲစခန်းမှာ (ပ)၂၃၂၁/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

 

#voiceofmyanamar #တောင်ကိုရီးယားနိုင်ငံသူ   #လုယက်မှု

 

Related posts

Leave a Comment

VOM News

FREE
VIEW