ရန်ကုန်တက္ကသိုလ်ထဲက သစ်ပုပ်ပင်ကို သဘာဝအမွေအနှစ်အဖြစ်သတ်မှတ်ပြီး အပြာရောင်ကမ္ဗည်းပြားတပ်ဆင်

ရန်ကုန် စက်တင်ဘာ ၆-၂၀၁၉

သိဂီ င်္(VOM)

 

ရန်ကုန်တက္ကသိုလ်အတွင်းက သစ်ပုပ်ပင်ကို သဘာဝအမွေအနှစ်အဖြစ် သတ်မှတ်ပြီး ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ်အပြာရောင် ကမ္ဗည်းပြားကို ဒီကနေ့ စက်တင်ဘာ ၆ ရက်မှာ တပ်ဆင်ခဲ့ပါတယ်။

 

ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ်အပြာရောင် ကမ္ဗည်းပြားတပ်ဆင်မှုအနေနဲ့ဆိုပါက  ၃၂ ခုမြောက် တပ်ဆင်ခြင်းဖြစ်ပေမယ့် သဘာဝအမွေအနှစ် အဖြစ်သတ်မှတ်တပ်ဆင်မှုက ရန်ကုန်မှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။သစ်ပုပ်ပင်ဟာ နှစ်သက်တမ်းအနေနဲ့ နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီလို့သိရပါတယ်။

 

” ရန်ကုန်တက္ကသိုလ်ထဲက မြို့ပြအမွေအနှစ်အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အစိုးရအဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာန ပူးပေါင်းပြီး ကြိုးစားနေပါတယ်။ ခု သစ်ပုပ်ပင်ကို အပြာရောင်ကမ္ဗည်းပြားတပ်ဆင်တာလည်း တစ်ခုပါ။ ဂုဏ်ယူပါတယ်။ နောက်ထပ်လည်း ရန်ကုန်တက္ကသိုလ်ထဲက အထင်ကရအဆောက်အဦးတွေကို အပြာရောင်ကမ္ဗည်းပြားတွေတပ်နိုင်ဖို့ ဆောင်ရွက်သွားပါမယ်”ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။

 

ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုပ်ပင်ကြီးဟာ  သက်တမ်းရင့် ရွက်ကြွေပင်ကြီးဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အထင်ရှားဆုံးသစ်ပင်ကြီးတွေအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ် ။ ၁၉၂၀ ခုနှစ် စတင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ထက် သက်တမ်းရင့်ပါတယ်။

 

“မြို့ပြအမွေအနှစ်များထိန်းသိမ်းကာကွယ်ရာမှာ အဆောက်အအုံတွေသာမက ယဉ်ကျေးမှုအမွေအနှစ်နဲ့  သဘာဝအမွေအနှစ်တွေကလည်းအရေးကြီးတယ်။သစ်ပုပ်ပင်ဟာ ရန်ကုန်တက္ကသိုလ်ပုရဝုဏ် ရဲ့ သင်္ကေတသဖွယ် အစကည်းကတွဲလျက် ပါရှိတာကြောင့် တန်ဖိုးထားရမယ့်အမွေအနှစ်တစ်ခုဖြစ်တယ်” YHTရဲ့ ဒါရိုက်တာ ဖြစ်သူ ဒေါ်မိုးမိုးလွင်ကပြောပါတယ်။

 

သစ်ပုတ်ပင်ကြီးဟာ ရန်ကုန်တက္ကသိုလ်ရဲ့  အထင်ကရတွေဖြစ်တဲ့ ဘွဲ့နှင်း သဘင်ခန်းမ ဂျပ်ဆင် အင်းလျား ကံ့ကော်တော တွေလို ရန်ကုန်တက္ကသိုလ်ရဲ့ အဓိက သင်္ကေတတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်လိုနီခေတ်ကစလို့ ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုတွေရှိခဲ့သလို တက္ကသိုလ်နောက်ခံ ကဗျာ စာပေတွေမှာပါ ရေးသားဖော်ပြခြင်းခံရတဲ့ ဇာတ်ကောင်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။

 

ခုလို အပြာရောင်ကမ္ဗည်းပြားတွေတပ်ဆင်နေတာဟာ ရန်ကုန်မြို့ပြသမိုင်းကြောင်းမှာ အရေးပါခဲ့တဲ့ အဆောက်အအုံတွေ လူပုဂ္ဂိုလ်တွေ သဘာဝအမွေအနှစ်တွေကို အထိမ်းအမှတ်ပြုဖို့နဲ့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ် လုပ်ဆောင်နေတာဖြစ်ပါတယ်။

 

၃၁ ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ်အထိမ်းအမှတ်အပြာရောင် ကမ္ဗည်းပြားကိုတော့ ကျောက်တံတားမြို့ နယ် ၊ ဘဏ်လမ်းက  ROSEWOOD YANGON HOTEL ကို ရှေးဟောင်းမြို့ပြ အမွေအနှစ် အဆောက်အအုံ အဖြစ်တပ်ဆင်ခဲ့ပါတယ်။

 

#voiceofmyanmar #ရန်ကုန်တက္ကသိုလ် #သစ်ပုပ်ပင်

 

Related posts

Leave a Comment

VOM News

FREE
VIEW