မန္တလေးစက်တင်ဘာ၉-၂၀၁၉
ဖြူဖြူ(VOM)
မန္တလေးမြို့မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း(ကျောက်ဝိုင်း)ကိုညပိုင်းအထိအချိန်တိုးမြှင့်ဖွင့်လှစ်ပေးသွားမယ်လို့ကျောက်ဝိုင်းအကျိုးတော်ဆောင်ရုံးက သိရပါတယ်။
“ညပါအရောင်းအ၀ယ်ဖြစ်အောင်လို့ပါ။ရောင်းချင်တဲ့သူရော၊၀ယ်ချင်တဲ့သူရောအဆင်ပြေအောင်လုပ်ပေးတာပေါ့။ရက်ကတော့အတိအကျမသိရသေးဘူး။” လို့ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီဥက္ကဋ္ဌဦးသန်းဝင်းကပြောပါတယ်။
လုံခြုံရေးကိစ္စနဲ့အသေးစိတ်ဆွေးနွေးမှုတွေဆောင်ရွက်နေဆဲဖြစ်လို့ရက်အတိအကျမပြောဆိုနိုင်သေးပေမယ့်ဒီနှစ်မကုန်မီဖွင့်လှစ်သွားမယ်လို့သိရပါတယ်။
လက်ရှိမှာကမနက် ၅နာရီလောက်ကနေညနေ၆နာရီအထိဖွင့်ပေးထားတာပါ။နောက်ပိုင်းမှာတော့ည၁၁နာရီအထိအချိန်တိုးမြှင့်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။
အခုလိုအချိန်တိုးမြှင့်ဖွင့်လှစ်လိုက်တာဟာ ကျောက်မျက်အရောင်းအ၀ယ်လုပ်ကိုင်နေသူတွေအတွက်အကျိုးရှိနိုင်လို့ဖွင့်လှစ်သင့်တယ်လို့ ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးဖြစ်သူဦးသိန်းတန်ကပြောပါတယ်။
ညပိုင်းအရောင်းအ၀ယ်အတွက် ကဒ်စနစ်နဲ့ဝင်ထွက်ခွင့်ပြုမှာဖြစ်ပြီးကုန်သည်ပွဲစားတွေအနေနဲ့လုံခြုံရေးဂိတ်မှာမှတ်ပုံတင် ပေးအပ်ကာကဒ်ကိုလဲလှယ်ရယူဝင်ထွက်ခွင့်ပြုရမှာဖြစ်ပါတယ်။
လက်ရှိနေ့ပိုင်းမှတော့ကဒ်စနစ်မရှိသေးဘဲညပိုင်းလုပ်ဆောင်မယ့်ကဒ်စနစ် အောင်မြင်ပါကနေ့ပိုင်းကိုလည်းကဒ်စနစ်နဲ့ကျင့်သုံးနိုင်ဖို့လုပ်ဆောင်သွားမယ်လို့သိရပါတယ်။
မဟာအောင်မြေ ကျောက်ဝိုင်းအတွင်းမှာဆိုင်ခန်းပေါင်း၁၁၀၀ကျော်၊ ကျေက်ဝိုင်းပြင်ပမှာဖွင့်ထားတဲ့ပျံကျဆိုင်ခန်းပေါင်း၆၀၀ကျော်ရှိပြီးနေ့စဉ် ပြည်ပဧည့်သည် ရာနဲ့ချီ၊ပြည်တွင်းဧည့်သည် သောင်းချီဝင်ရောက်မှုရှိတယ်လို့ ကျောက်ဝိုင်းအကျိုးတော်ဆောင်ရုံးကသိရပါတယ်။
#voiceofmyanmar #မန္တလေး#ကျောက်ဝိုင်း#မဟာအောင်မြေ