ကျပ်သိန်း ၇ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ကလေးမြို့မှာ ဖမ်းမိ

 

ကလေး စက်တင်ဘာ ၁၁-၂၀၁၉

နန်းကလျာ (VOM)

 

ဆိုင်ကယ်နဲ့ သယ်လာတဲ့ ကျပ်သိန်း ၇ ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့ပေါ် မှာ  ဖမ်းဆီးရမိခဲ့ပါတယ်။

 

ဆေးပြားတွေကို ဆိုင်ကယ်နဲ့ သယ်ဆောင်လာသူ ဟာဆိုရင် ကလေးမြို့ မြို့လှရပ်ကွက်မှာနေထိုင်တဲ့ အသက် (၄၂)နှစ် အရွယ် ဦးရွာလ်ဒုသောင် ဖြစ်ပါတယ်။သူ့ကို စက်တင်ဘာလ ၁၀ ရက်နေ့  ညနေ ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က ကလေးမြို့ တောင်ဖီလာရပ်ကွက် အမှတ်(၇)နယ်မြေ အတွင်းမှာ ရှိတဲ့ လိုင်မုန်းလမ်းမပေါ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

 

ဆိုင်ကယ်ပေါ်မှာ တင်ဆောင်လာတဲ့ ဆာလာအိတ်နှစ်အိတ်ကို မသင်္ကာလို့ ဖွင့်ဖောက်စစ်ဆေးတဲ့ အခါမှာ ငွေကျပ်သိန်း ခုနှစ်ထောင်သုံးရာကိုးဆယ့်ငါးသိန်း တန်ဖိုးရှိတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြားတွကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ကလေးမြို့မရဲစခန်း က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“တရာခံကိုလည်း ဖမ်းထားပါတယ်။အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။

 

မူးယစ်ဆေးဝါးများနဲ့ အတူ ဖမ်းဆီးရမိခဲ့သူကို ကလေးမြို့မရဲစခန်း မှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့် ဖမ်းဆီးထား တာဖြစ်ပါတယ်။

 

ကလေးမြို့ဟာ အိန္ဒိယမြန်မာနယ်စပ်နဲ့နီးတာကြောင့် မကြာခဏဆိုသလို မူးယစ်ဆေးဝါးတွေ ဖမ်းမိနေပါတယ်။

 

#voiceofmyanmar #ကလေး  #မူးယစ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW