မန္တလေး စက်တင်ဘာ ၁၁ – ၂၀၁၉
ဖြူဖြူ (VOM)
နွားကွဲရင် ကျားဆွဲနိုင်တယ်ဆိုတဲ့စကားပုံ ရှိနေပေမယ့် မိမိတို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိရင် ဘယ်သူမှ ဘာမှမပြောနိုင်ဘူးလို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၁ ရက်က မန္တလေးမြို့ရှိ ဂျွန်းဗလီအခြေခံဘာသာရေးကျောင်းက အစ္စလာမ် ဘာသာဝင်တွေအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်တွေနဲ့ စေတနာရှင်ပြည်သူတွေကနေ အလှူငွေနဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ ပေးအပ်လှူဒါန်းတဲ့ပွဲမှာ ပြောကြားခဲ့တာပါ။
“ကျနော်တို့်အားလုံးဟာ မြန်မာနိုင်ငံရဲ့ အရိပ်အာဝါသ၊ မြန်မာ့ရေမြေမှာ အတူတကွ နေထိုင်ကြတဲ့သူတွေ ဖြစ်တဲ့အတွက်ကြောင့် အားလုံးစည်းစည်းလုံးလုံးနဲ့ တရားဥပဒေနဲ့ အညီပေါ့ နေထိုင်ပြီး တိုင်းပြည်ရဲ့တိုးတက်ရာ၊ တိုးတက်ကြောင်း လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ မြန်မာစကားပုံ ရှိပါတယ်။ နွားကွဲရင် ကျားဆွဲတယ် ဆိုသလိုပေါ့၊ ကျနော်တို့တွေ စည်းစည်းလုံးလုံးရှိရင် ဘယ်သူမှဘာမှပြောလို့ မရပါဘူး။”လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တာပါ။
ဒါ့အပြင် ဘာသာရေးကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ စွမ်းဆောင်မှုတွေ ဖြစ်မလာဖို့လိုတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ အထွတ်အမြတ်ထားတဲ့ နိုင်ငံဖြစ်ပေမယ့် နိုင်ငံအတွင်းမှာ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်နဲ့ နတ်ကိုးကွယ်မှုတွေလည်းရှိပြီး နိုင်ငံသူ နိုင်ငံသားအားလုံးဟာ ဘာမှအားငယ်စရာမလိုဘဲ မိမိတို့ယုံကြည်ရာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ပိုင်ခွင့်ရှိတယ်လို့ သူကပြောပါတယ်။
နိုင်ငံအတွင်းမှာ တရားဥပဒေနဲ့အညီ နေထိုင်ပြီး ကိုယ့်တိုင်းပြည် ကိုယ့်ဒေသအတွက် တူညီတဲ့စိတ်ဓာတ်တွေနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လုပ်ဆောင်ကြဖို့ အခမ်းအနားမှာ တိုက်တွန်းခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က” ပြည်သူအချင်းချင်း၊ တပ်မတော်အချင်းချင်း၊ ပြည်သူနဲ့ တပ်မတော်ချင်း စည်းလုံးမှုရှိဖို့ အမြဲတမ်း နှလုံးမူဖို့လိုပါတယ်။ သိပ်ပြီးအစွန်းမရောက်ဘဲ ကောင်းအောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ လုပ်ကြဖို့လိုပါတယ်။ ကျနော်ကိုယ်တိုင်လည်း အစွန်းမရောက်ပါဘူး။ “လို့ ပြောပါတယ်။
ဒီနေ့မှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မစိုးရိမ်တိုက်ဟောင်း ၊ ဖာသာလဖုန်း ခရစ်ယာန်ကျောင်း တို့မှာလည်းတွေ့ဆုံလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #မန္တလေး #တပ်မတော် #ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် #ဂျွန်းဗလီ