ကျောက်တော်မြို့နယ် ချောင်းတူရွာကအမျိုးသမီးတစ်ဦးမိုင်းထိဒဏ်ရာနဲ့စစ်တွေဆေးရုံသို့ရောက်

 

 

ကျောက်တော်၊စက်တင်ဘာ၁၈-၂၀၁၉
ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှာအမျိုးသမီးတစ်ဦးမိုင်းထိဒဏ်ရာရရှိခဲ့ပြီးအခုညနေပိုင်းမှာစစ်တွေဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့ရပါတယ်။

အဲ့ဒီအမျိုးသမီးဟာဒီကနေ့နေ့လည်၁၂နာရီလောက်မှာ ကျေးရွာအနီးရှိတောင်တန်းတွေရဲ့တစ်ဖက်မှာရှိတဲ့ နွားတွေကိုသွားကြည့်ပြီး ပြန်လာတဲ့အချိန် တောင်တန်းပေါ်မှာမိုင်းနင်းမိခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ခြေထောက်တစ်ဖက်ကို ဖြတ်ပစ်လိုက်ရတာဖြစ်ပါတယ်။

“ဖြစ်တာက နေ့လည်၁၂နာရီလောက်မှာဖြစ်တာပါ။ တောင်တစ်ဖက်ကရွာတွေကိုသွားပြီးတော့အကြွေးတောင်းတယ်။အဲ့ဒီမှာလွှတ်ထားတဲ့နွားတွေကိုလည်းကြည့်ရင်းနဲ့ပေါ့။အဲ့ဒီကပြန်အလာမှာ တောင်မှာမိုင်းနင်းမိတာလို့ပြောတယ်။”လို့ ဆေးရုံကိုလိုက်ပါပို့ဆောင်ပေးနေတဲ့အမျိုးသမီးတစ်ဦးကပြောပါတယ်။

အဲ့ဒီမိုင်းပေါက်ကွဲမှုကြောင့်သူ့ရဲ့ဘယ်ဘက်ခြေထောက်တစ်ဖက်ကို ဖြတ်လိုက်ရပြီးဘယ်ဘက်လက်နဲ့မျက်နှာတွေမှာလည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

“ဒဏ်ရာက တော်တော်ပြင်းတာပေါ့နော်။ဘယ်ဘက်ခြေထောက်က တော်တော်လေးကိုဆိုဆိုးဝါးဝါးဖြစ်သွားတယ်။ယိုးတရုတ်ဆေးရုံကနေစစ်တွေဆေးရုံကိုပို့လိုက်တာပါ။ ခြေတစ်ဖက်တော့ဖြတ်လိုက်ရတာပေါ့။”လို့သူကဆက်လက်ပြောကြားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာအခုလိုမျိုးမိုင်းပေါက်ကွဲမှုတွေနဲ့ ကျေးရွာသားတွေမကြာခဏရင်ဆိုင်နေကြရပြီးထိခိုက်သေဆုံးသူတွေလည်းတဖြေးဖြေးမြင့်မားလာနေတာဖြစ်ပါတယ်။

 

#voiceofmyanmar  #ကျောက်တော်  #မိုင်းထိ

 

Related posts

Leave a Comment

VOM News

FREE
VIEW