မြို့ကြီး ၃မြို့ လုံခြုံရေးယူထားတဲ့အနေအထား ဘယ်လိုရှိနေလဲ

နေပြည်တော်၊ စက်တင်ဘာ ၂၆၊ ၂၀၁၉။

ကိုထွန်း+နေလင်း (VOM)

 

နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို တိုင်းရင်းသား လက်နက်ကိုင်တွေက လာပြီးတိုက်ခိုက်ဖို့ စီစဉ်နေတာကြောင့် လုံခြုံရေးဆောင်ရွက်ဖို့ ညွှန်ကြားတဲ့ သမ္မတရုံးနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စာတွေ ပေါက်ကြားခဲ့တဲ့နောက် မြန်မာနိုင်ငံမှာ ရုံးစိုက်တဲ့ သံရုံးတွေကနေ လုံခြုံရေး သတိထားဖို့ ဒီကနေ စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ပါတယ်။

 

အမေရိကန် သံရုံး၊ ဗြိတိန် သံရုံး၊ ကနေဒါသံရုံးနဲ့ သြစတေးလျ သံရုံးတွေက မြန်မာနိုင်ငံမှာ ရှိနေတဲ့ သူတို့နိုင်ငံသားတွေ၊ ခရီးသွားတွေ၊ သံရုံး ဝန်ထမ်းတွေအနေနဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စတဲ့ မြို့တွေကို ရောက်နေရင် မိမိလုံခြုံရေးအတွက် အထူးဂရုပြုဖို့၊ ပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်အတွင်းက ဒေသအချို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့ကို မလိုအပ်ပဲ ခရီးမထွက်ဖို့ စတာတွေကို သတိပေး ထုတ်ပြန်ပါတယ်။

 

ဒါ့အပြင် နယ်စပ်ဒေသတွေဖြစ်တဲ့ တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်၊ လာအိုနယ်စပ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေနဲ့ ဆက်စပ်နေတဲ့ ဒေသတွေကိုလည်း မလိုအပ်ပဲ သွားရောက်တာတွေ မလုပ်ဖို့ အဆိုပါ သတိပေးစာတွေမှာ ရေးသားထားပါတယ်။

 

ပေါက်ကြားလာတဲ့ သမ္မတရုံးရဲ့စာဟာ စက်တင်ဘာ ၁၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပြီး အဲ့ဒီစာထဲမှာတော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲက မယ်လ ဒုက္ခသည်စခန်းအနီးမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ AA နဲ့ KIA က အဖွဲ့ဝင်တွေ၊ KNU နဲ့ CNF က အဖွဲ့ဝင်တွေဟာ နေပြည်တော်မှာ ဖောက်ခွဲမှုတခုကို စက်တင်ဘာ ၁၆ ဒါမှမဟုတ် စက်တင်ဘာ ၂၆ ရက်နေ့၊ အောက်တိုဘာ ၁၆ ဒါမှမဟုတ် အောက်တိုဘာ ၂၆ ရက်နေ့မှာ လုပ်ဖို့ စီစဉ်နေတာကြောင့် နေပြည်တော်ကောင်စီနယ်မြေထဲမှာ လုံခြုံရေးဆောင်ရွက်ဖို့ ရေးသားထားပါတယ်။

 

ဒီလို ဖောက်ခွဲမှု လုပ်မယ်ဆိုတာဟာ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို အာရုံလွှဲဖို့နဲ့ ဖိအားလျော့အောင် လုပ်တာဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဆွေးနွေးခဲ့တာကို ပြည်ထဲရေး ဝန်ကြီးဌာနက ရည်ညွှန်းတင်ပြလာတာ ဖြစ်တယ်လို့လည်း အဆိုပါ သတိပေးစာက ရေးသားထားပါတယ်။

 

တဖက်မှာလည်း သမ္မတရုံးက ပေါက်ကြားလာတဲ့စာမှာ မယ်လ ဒုက္ခသည်စခန်းရဲ့ တည်နေရာ၊ တက်ခ် ခရိုင်ကို မယ်ဟောင်ဆောင် ခရိုင်နဲ့ လွဲမှားစွာ ဖော်ပြထားတာအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။

 

ဒါ့အပြင် KIA က ဗိုလ်ချုပ်ဂွမ်မော်ကလည်း ဒီစာဟာ အစစ်အမှန်ဖြစ်ပေမယ့် စာထဲမှာ ပါတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ဖောက်ခွဲရေး လုပ်မယ်ဆိုတဲ့ ကိစ္စကတော့ အတုအယောင်သာ ဖြစ်တယ်လို့ သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

 

ဒီစာ ပေါက်ကြားမှုရဲ့ နောက်ဆက်တွဲ သံရုံးတွေရဲ့ လုံခြုံရေး သတိပေးစာတွေ ထွက်လာတဲ့ နောက်မှာတော့ ပြည်သူလူထုရဲ့ စိုးရိမ်မှုတွေ ရှိလာသလို သက်ဆိုင်ရာဖက်ကလည်း လုံခြုံရေးတွေ တိုးမြှင့်ဆောင်ရွက်နေတာကို တွေ့လာရပါတယ်။

 

နေပြည်တော်မှာရှိတဲ့ ဈေးတွေနဲ့ လူစည်ကားရာ နေရာတွေမှာတော့ ပုံမှန်အတိုင်း သွားလာရောင်းဝယ်နေတာ တွေ့ရပေမယ့် လမ်းဆုံလမ်းခွ နေရာတွေမှာ လုံခြုံရေးတွေ တိုးမြှင့် ချထားတာကို တွေ့ရပါတယ်လို့  နေပြည်တော်သတင်းထောက် ဦးထွန်းက ဆိုပါတယ်။

 

ဒါပေမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးကတော့ လုံခြုံရေး ချထားတယ်ဆိုတာဟာ လူကြီးခရီးစဉ်ရှိလို့ ပုံမှန်လုံခြုံရေး ချထားတာသာဖြစ်တယ်လို့ ပြောပါတယ်။

 

“အခု အွန်လိုင်းမှာပြန့်နေတဲ့ သတင်းတွေကြောင့်မို့လို့တော့ ကျနော်တို့ လုံခြုံရေးတွေ တိုးပြီးချတယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူးဗျ။ နေပြည်တော်မှာသာမက ရန်ကုန်၊ မန္တလေးရော တခြားမြို့ကြီးတွေမှာရောက အခြေအနေ အချိန်အခါအလိုက် ဘယ်လိုလုပ်မယ်ဆိုတဲ့ အစီအမံတွေက ရှိပါတယ်။ သူတို့ [သံရုံးများကို ရည်ညွှန်း] ကလည်း သူတို့ ရတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး ပြောတာပေါ့။ ကျနော်တို့ကတော့ ဒါနဲ့ပတ်သက်ပြီး ဘာမှ ပြောစရာ မရှိပါဘူး” လို့ ရဲမှူးကြီး မျိုးသူစိုးက သတင်းထောက်တွေကို ပြောပါတယ်။

 

လက်ရှိဖြစ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ စိုးရိမ်မှု ရှိဖို့ မလိုကြောင်းနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ အနေနဲ့ လုံခြုံရေး အပြည့်အဝ ယူထားပြီး လုံခြုံရေး အစီအမံတွေလည်း အရင်ကတည်းက ချမှတ်ထားတယ်လို့လည်း သူက ပြောပါတယ်။

 

“လက်ရှိက ပုံမှန်လုပ်ထားတဲ့ အစီမံအတိုင်း အမိန့်ညွှန်ကြားချက်အတိုင်းပဲ လုပ်နေတာပါ။ ဒီသတင်းတွေ ထွက်လာကာမှ ကောက်ကာငင်ကာ ထ ပြီး လုပ်တာမဟုတ်ပါဘူး။ ခင်များတို့တွေ့တာတွေက လူကြီးလမ်းကြောင်းရှိတာနဲ့၊ ဒီနေ့က တရုတ်အမျိုးသားနေ့ အခမ်းအနားလုပ်တာရှိတော့ အဲ့ဒီအတွက် လုပ်ထားတာတွေ ဖြစ်ပါလိမ့်မယ်။ ဒီသတင်းတွေ ထွက်လာလို့ တိုးမြှင့်ထားတာတော့ မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။

 

ဒီလိုဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ကတော့ ပြည်သူကို တရားဝင် ထုတ်ပြန်မှု တစုံတရာ မရှိသေးပါဘူး။

 

ရန်ကုန်မြို့မှာတော့ အမေရိကန်သံရုံးရှေ့မှာ လုံခြုံရေး တိုးချထားတာတွေ ရှိတယ်လို့ သိရပါတယ်။

“ညက တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ အမေရိကန်သံရုံးရှေ့မှာ ခါတိုင်းထက်ထူးပြီး ရဲကား တွေရော ရဲတွေရော ရှိနေတာတွေ့ခဲ့တယ်။ ခုမနက်တော့ အင်းယားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းဒေါင့်မှာ ရဲကား ၂စီး အသင့်အနေအထားစောင့်နေတာ တွေ့သလို တက္ကသိုလ်ရိပ်သာလမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းဒေါင့်နားမှာ လည်း လုံခြုံရေးယူထားတာတွေ့တယ်။ ဘာကိစ္စလဲတော့မသိဘူး၊ ထူးတော့ထူးခြားတယ်၊ မနက်ကလည်း ရဟတ်ယာဉ်နဲ့ မြို့ပတ်နေတာတွေ့တယ်” လို့ ရန်ကင်းမှာ နေထိုင်သူတယောက်က ပြောပါတယ်။

 

မန္တလေးမြို့ခံ ကိုသိန်းအောင်မြင့်ကတော့ “ အစိုးရက ပွင့်လင်းမြင်သာမှုအားနည်းတယ် ခု သံရုံးတွေက ထုတ်ပြန်မှ ဘာဖြစ်နေတယ်ဆိုတာသိရတော့ ရင်တထိတ်ထိတ်နဲ့ ကျီးလန့်စာစားနေရတာ မသင့်တော်ဘူး ပြည်သူကို အစိုးရအနေနဲ့  အသိပေးသင့်တယ်လို့မြင်တယ်” လို့ဆိုပါတယ်။

 

လက်ရှိအနေအထားမှာ မန္တလေးက လူစည်ကားတဲ့  မဟာမုနိဘုရားကြီး၊ စွယ်တော်ဘုရား၊ မနော်ရမံကလေးကစားကွင်းနဲ့  ဈေးဝယ်စင်တာနားတွေကို မသိမသာ လုံခြုံရေး တိုးမြင့်ထားတာကို တွေ့ရပါတယ်။

 

#voiceofmyanmar #လုံခြုံရေး #မန္တလေး #ရန်ကုန် #နေပြည်တော် #မျိုးသူရစိုး

 

Related posts

Leave a Comment

VOM News

FREE
VIEW