တံဆိပ်တုံးအတုနဲ့ ဆန္ဒမဲပေးဖို့လုပ်ဆောင်ခဲ့တဲ့ USDPမဲရုံကိုယ်စားလှယ်လောင်းကို NLDကိုယ်စားလှယ်လောင်းက အမှုဖွင့်ဖို့စီစဉ်

အောက်တိုဘာ ၃၁-၂၀၂၀
သိင်္ဂီထွန်း ( VOM )

လှည်းကူးမြို့နယ်မှာ မနေ့အောက်တိုဘာ ၃၀ရက်နေ့က ကြိုတင်မဲကောက်ခဲ့ချိန် တံဆိပ်တုံးအတုနဲ့ ဆန္ဒမဲပေးဖို့လုပ်ဆောင်ခဲ့တဲ့ USDP ပြည်ခိုင်ဖြိုးပါတီရဲ့ မဲရုံကိုယ်စားလှယ်ကို အမှုဖွင့်ဖို့အတွက် စီစဉ်နေတယ်လို့ NLDပါတီမှ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းတန်ကပြောပါတယ်။

အခုလို တံဆိပ်တုံးအတုအသုံးပြုပြီး မဲပေးစေခဲ့တဲ့ကိစ္စကို မကျေနပ်တဲ့အတွက် ကန့်ကွက်ကြောင်းကိုလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတဲ့အပြင် ၊ အမှုဖွင့်နိုင်ဖို့အတွက် ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးလုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

“မနေ့က မနက် ၁၀ နာရီဝန်းကျင်လောက်ဖြစ်မှာပေါ့။ စစပြီးချင်းမှာပဲ ပထမ ၃ အိမ်မှာ ၅ ယောက်ပေးပြီးပြီ။ နောက်တစ်အိမ်အကူး သူကနေ အိမ်ထဲကိုဝင်လို့ရတဲ့ ဦးကျော်စိုးဆိုတဲ့ အိမ်ထဲကို ဝင်ခွင့်ရတဲ့ ရပ်ကွက်ကော်မရှင်ကို တံဆိပ်တုန်းလေး လှမ်းပေးလိုက်တယ်။ တံဆိပ်တုံးက ကော်မရှင်ပဲ ကိုင်ခွင့်ရှိတာကို ဒီကလေးမဆီကနေ တံဆိပ်ပေးလိုက်တယ်ဆိုတော့ နည်းနည်းလေး မသင်္ကာဘူးဖြစ်သွားတယ်။ နောက်တစ်အိမ်ကို အကူးမှာ ၄ ယောက်မြောက်ကို အတုတံဆိပ်တုံးကို သုံးမယ်လုပ်တော့ တံဆိပ်တုန်းကို ပြန်စစ်ပေးပါလို့အဆိုပြုတော့မှ စစ်ဆေးတော့ တံဆိပ်တုန်းကအတုဖြစ်နေတာပေါ့။ ၂ မဲကိုတော့ ပြန်စစ်လိုက်တယ်။ပြန်စစ်လိုက်တော့ ပေးပြီးသား ၅ မဲမှာ ၂ မဲကတော့ အစစ်၊ ၃မဲကိုတော့ အတုတံဆိပ်တုံးလုပ်လိုက်တယ်”လို့ ဦးသိန်းတန်ကပြောပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့က လှည်ကူးမြို့နယ်အတွင်း အိမ်တိုင်ရာရောက်ကြိုတင်မဲတွေ လိုက်လံကောက်ခံချိန်မှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေနဲ့အတူ လိုက်ပါလာတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲရုံကိုယ်စားလှယ် အမျိုးသမီးတစ်ဦးက အဆင့်သင့်ယူဆောင်လာတဲ့ တံဆိပ်တုံးအတုနဲ့ ဆန္ဒမဲပေးဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တံဆိပ်တုံးကို စစ်ဆေးတဲ့အခါ UEC အမှတ်တံဆိပ်မပါသလို ပုံစံကလည်း ကွဲပြားမှုရှိနေတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌဦးမောင်မွှေးကို ဆက်သွယ်မေးမြန်းရာမှာတော့ “လောလောဆယ်တော့ စီစစ်ခိုင်းပြီးတော့ အစီရင်ခံစာ တက်ခိုင်းထားပါတယ်။ တံဆိပ်တုံးအတုကို ပေးခဲ့တယ်။ မဲကောက်တဲ့အဖွဲ့ထဲကပေါ့။ ဘယ်လိုပုံနဲ့ပေးတယ် ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ပေးတယ် မသိဘူးပေါ့။ အဲ့ဒီလိုတော့ကြားတယ်”လို့ ပြောပါတယ်။

လူတစ်ဦးတစ်ယောက်ဟာ တံဆိပ်တုံးအတုပြုလုပ်ပြီး ဆန္ဒမဲပေးဖို့ လုပ်ဆောင်ခဲ့ကြောင်း စီစစ်ထွက်ပေါ်ခဲ့ရင် ရွေးကောက်ပွဲကော်မရှင်ဥပဒေတွေအရ အရေးယူနိုင်တယ်လို့လည်း သိရပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးမှာ အသက် ၆၀ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေကို ကြိုတင်ဆန္ဒမဲ စတင်ကောက်ယူနေသလို ၊ တချို့ တိုင်းနဲ့ပြည်နယ်တွေမှာတော့ အိမ်တိုင်ရာရောက် ကြိုတင်မဲလိုက်လံကောက်ခံမှုတွေလည်း ရှိနေပါတယ်။

#voiceofmyanmar #VOM #လှည်းကူး #ကြိုတင်မဲ #တံဆိမ်တုံးအတု #USDPပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW