ရေနံမတိုက်နယ်မှာ မဲစာရင်းစာအုပ် မှားယွင်းပေးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့

နိုဝင်ဘာ ၁-၂၀၂၀
ဂျန်ကိုးလ်-(VOM)

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမတိုက်နယ်မှာ ဆန္ဒမဲစာအုပ်မှားယွင်းပေးမှုကြောင့် ကြိုတင်မဲပေးသူ ၁၅၃ဦး စလုံး ဆန္ဒမဲပြန်ပေးရမယ်လို့ NLDပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ရဲထွန်းဇော်ကပြောပါတယ်။

ဒီဖြစ်စဉ်ဟာ အောက်တိုဘာ၃၀ရက်နေ့မှာဖြစ်ခဲ့ပြီး မဲရုံ ၃ရုံ ရှိတဲ့အနက် အမှတ်-၂ မဲရုံမှာ
ပြည်သူ့လွှတ်တော်မဲစာအုပ်ကို အမျိုးသားလွှတ်တော်နေရာမှာ ချထားပေးမိတဲ့အတွက် အခုလိုဖြစ်သွားတယ်လို့ သိရပါတယ်။

”မဲပေးတဲ့နေရာက သွပ်တော့မိုးထားတယ် အကာအရံမရှိဘူးပေါ့၊ အဲ့ဒီအချိန်မိုးရွာတော့လူ ၄၀လောက်မဲပေးပြီးပြီ၊ မိုးစိုမှာစိုးလို့ခဏပိတ်လိုက်တယ်၊ ပြန်ဖွင့်တော့မှ အမျိုးသားလွှတ်တော်နေရာမှာ ပြည်သူ့လွှတ်တော်မဲစာရွက် ၅၀ပါတစ်အုပ်မှားချမိတာ၊ အဲ့ဒါကို တာဝန်ခံက တစ်အုပ်ကုန်မှသိတာ ပြည်သူကလည်းအမည်မကြည့်ဘူး၊ ပါတီအမှတ်တံဆိပ်ကိုကြည့်တဲ့သဘောရှိတယ်၊ နောက်တအုပ်ထုတ်မယ့်အချိန်ကြမှသိတော့ မဲအားလုံးပုံးထဲထည့်ပြီးပြီ၊ ၈ရက်နေ့ပေးသလို မဲပုံးခွဲထားတာမဟုတ်ဘူး၊ ကြိုတင်မဲက တပုံးထဲကိုအကုန်ထည့်ရတာ၊ မြို့နယ်ရွေးကော်ကို အချိန်မှီသတင်းပို့တယ်၊ မဲပေးရပ်ဖို့ညွှန်ကြားချက်မရှိသလိုဖြစ်နေတယ်၊ ဆက်ပေးတော့ ၁၅၃ ယောက်ပေးပြီးဖြစ်သွားတယ်”လို့ NLDပါတီမှ တိုင်းဒေသကြီး-၂နေရာက ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါက်တာရဲထွန်းဇော်က ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးစည်းဝေးခန်းမမှာ မြို့နယ်ကော်မရှင်ကိုယ်စားလှယ်လောင်းတွေနဲ့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေ အစည်းဝေးပြုလုပ်ပြီးညှိနှိုင်းခဲ့ရာမှာတော့ လက်ရှိမဲပုံးကို ပယ်မဲပြုလုပ်ကာ ရဲစခန်းမှာသိမ်းထားပြီး ၁၅၃ ယောက်ကိုမဲပြန်ပေးစေဖို့သဘောတူညှိနှိုင်းကြတယ်လို့ သိရပါတယ်။

”ကျနော်တို့ အစည်းအဝေးမှာ မှားယွင်းမှုနဲ့ပတ်သက်လို့ အရေးယူဖို့၊ မယူဖို့အကြောင်းမဆွေးနွေးပါဘူး၊ တကယ်တော့ မဲလက်မှတ်တွေက နောက်ကျောဘက်မှာ အရောင်နဲ့ခွဲထားတယ်၊ ပေါ့ဆမှုအပိုင်းတော့ရှိတာပေါ့၊ နောက်နောင်မဖြစ်ဖို့ ရွေးကော်အနေနဲ့တာဝန်ယူထိန်းကြောင်းပေးဖို့တော့လိုမယ်”လို့ ဒေါက်တာရဲထွန်းဇော်ကပြောပါတယ်။

ရေနံမရွာဟာ တိုက်နယ်ဆေးရုံအခြေစိုက်တဲ့ တိုက်နယ်ရွာကြီးဖြစ်ပြီး အသက်၆၀နဲ့အထက်အပါအဝင် ကြိုတင်မဲပေးခွင့်ရသူ စုစုပေါင်း ၆၀၀ ကျော်ရှိကာ မဲရုံ၃ရုံထားရှိရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေနံမတိုက်နယ် #မဲစာအုပ်မှားယွင်းမှု

Related posts

Leave a Comment

VOM News

FREE
VIEW