ဧရာဝတီမြစ်ထဲက ကမ္ဘာ့ရှားပါး လင်းပိုင် ၁ ကောင် ဘက္ထရီရှော့တိုက် ငါးရှာသူတွေကြောင့် သေဆုံး

နိုဝင်ဘာ ၁-၂၀၂၀
ကိုတိုးကြီး(VOM)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သူဌေးကုန်းကျေးရွာ မြောက်ဘက် ကိုင်းတောအတွင်း ဧရာဝတီ လင်းပိုင်တစ်ကောင် သေဆုံးနေတဲ့အတွက် နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာန ဒု-ဦးစီးမှူးနဲ့အဖွဲ့က အောက်တိုဘာ ၃၀ရက်နေ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။

သူဌေးကုန်းရွာက ရေလုပ်သားကြီးတစ်ဦးက အဲ့ဒီ လင်းပိုင်သေဆုံးနေတာကို စတင်တွေ့ရှိလို့ ဆယ်ယူပြီး အောက်တိုဘာ ၂၉ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ အကြောင်းကြားချက်အရ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနနဲ့ ရေကြောင်းရဲတပ်ဖွဲ့တို့ဟာ လင်းပိုင်သေဆုံးရခြင်းရဲ့ အဓိက အကြောင်းအရင်းကို ရှာဖွေစစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

” သေဆုံးသွားတဲ့ လင်းပိုင်က (အမ)ဖြစ်တယ်၊ အရွယ်အစားက အလျား ၄ ပေ ၅ လက်မ ၊ လုံးပတ်၂ ပေ ၁၀ လက်မ ၊ အမြီးရွက် ၂ ခု အစွန်းကြား ၁ ပေ ၂ လက်မ ၊ ရှေ့ရေယက် အလျား ၉ ဒဿမ ၅ လက်မ ဖြစ်တယ် ၊ သက်တမ်းကတော့ ခန့်မှန်း သက်တမ်း ၁ နှစ်ကျော်လို့ ယူဆထားတယ် ၊ ဘာကြောင့်လဲဆိုတော့ သွားမပေါက်သေးဘူးဖြစ်တယ် ” လို့ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနက ဒု-ဦးမှူး ဦးဇော်မန်းက ပြောပါတယ်။

ကမ္ဘာ့ရှားပါး မျိုးသုဉ်းလုဆဲဖြစ်နေတဲ့ ရေချို လင်းပိုင်တွေဟာ မြန်မာနိုင်ငံ ဧရာဝတီမြစ်ထဲမှာသာ အနည်းငယ်တွေ့ရပြီး အခြား အိမ်နီးချင်း နိုင်ငံတွေမှာ တွေ့ရဖို့ မလွယ်ကူတော့ဘဲ ရေလုပ်သားတွေရဲ့ သားငါးရှာဖွေတဲ့လုပ်ငန်းကို အဲ့ဒီ ရေချို လင်းပိုင်တွေက အထောက်အကူ ပြုပေးလေ့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုသေဆုံးရတဲ့ လင်းပိုင်ဟာ ရေလုပ်သားတွေကို သားငါးရှာဖွေပေးရာမှာ အထောက်အကူပြုပေးရင်း ဘက္ထရီရှော့မိကာ သေဆုံးသွားတာဖြစ်နိုင်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက မှတ်ချက်ပြုထားတယ်လို့ သိရပါတယ်။

Photo – နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာန
#voiceofmyanmar #VOM #ဧရာဝတီလင်းပိုင် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW