၂၀၂၀ ရွေးကောက်ပွဲနဲ့ ကြိုတင်မဲရဲ့လားရာ

နိုဝင်ဘာ ၂-၂၀၂၀
ဆွေလင်းထွန်း(VOM)

မြန်မာနိုင်ငံထက် ရောဂါပိုးကူးဆက်မှု ဆယ်ဆ၊ ဆယ့်ငါးဆပိုများတဲ့ နိုင်ငံတွေက ရွေးကောက်ပွဲကျင်းပပုံတွေကို အတွေ့အကြုံယူထားပြီး ကိုဗစ်ကပ်ကြားထဲမှာ ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုပေမယ့် လက်တွေ့မှာတော့ အစရှိသေး ပြဿနာပေါင်း သောင်းခြောက်ထောင် တက်နေပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့်အချိန်ဟာ တကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ တိုက်ဆိုင်နေတဲ့အတွက် မဲဆွယ်စည်းရုံးရေး၊ ဆန္ဒမဲပေးရေး ကိစ္စတွေမှာ အရင်ရွေးကောက်ပွဲတွေနဲ့မတူဘဲ ထူးခြားမှုတွေရှိခဲ့ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေအိမ်မှာ နေထိုင်ဖို့(Stay home) သတ်မှတ်ထားတဲ့ မြို့နယ်တွေနဲ့ လူဦးရေထူထပ်တဲ့ မြို့နယ်တွေက အသက် ၆၀ ကျော် သက်ကြီးရွယ်အိုတွေကို အောက်တိုဘာ ၂၉ရက်ကနေ နိုဝင်ဘာ ၅ရက်အထိ အိမ်တိုင်ရာရောက် ကြိုတင်မဲ လိုက်လံကောက်ခံနေတာ ဖြစ်ပါတယ်။

Stay home သတ်မှတ်မထားတဲ့ မြို့နယ်တွေက အသက် ၆၀ ကျော်သူတွေကိုလည်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေရွာအုပ်စုကော်မရှင်အဖွဲ့ခွဲကို သွားရောက်ပြီး ကြိုတင်ဆန္ဒမဲပေးဖို့နဲ့ ကိုယ်တိုင်သွားရောက်ဖို့ အခက်အခဲရှိရင် အိမ်ကနေ မဲပေးနိုင်အောင် စီစဉ်ပေးမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့မှာတော့ အသက် ၆၀ ကျော်တွေ အပါအဝင် ပြည်တွင်းက မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေကို ကြိုတင်မဲ စကောက်ပါတယ်။ အသက် ၆၀ကျော်တွေကို သီးခြားခွဲပြီး ကြိုတင်မဲပေးစေတာဟာ ကိုဗစ်ရောဂါကူးဆက်နိုင်မှု အသက်အရွယ်ကြီးသူတွေက ပိုမြင့်တာကြောင့်လို့ ရွေးကောက်ပွဲကော်မရှင်ကဆိုပေမယ့် လက်တွေ့မှာတော့ မဲပေးသူတွေ လူချင်းခပ်ခွာခွာနေဖို့ ကျန်းမာရေးဝန်ကြီးဌာနတွေရဲ့ လမ်းညွှန်မှုတွေနဲ့ မကိုက်ညီတာတွေကို တွေ့နေရပါတယ်။ ကြိုတင်မဲ စကောက်တဲ့နေ့စပြီး မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ဆန္ဒမဲပေးဖို့ အဆင်မပြေတာတချို့ ရှိခဲ့ပြီး အငြင်းပွားမှုတွေလည်း ရှိခဲ့ပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့၊ ကြက်တူရွေးသောင်ကျေးရွာအုပ်စု၊ ဝါးခုတ်တောမဲရုံမှာ ကြိုတင်မဲပေးကြရာမှာ ကြိုတင်မဲလက်မှတ်တွေကို စာအိတ်ထဲမထည့်ဘဲ မဲပုံးထဲကို တိုက်ရိုက်ထည့်တဲ့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို ပြည်ခိုင်ဖြိုးပါတီက အသိပေးတိုင်ကြားခဲ့ပါတယ်။

“သတင်းရလို့ ကျွန်တော်ကိုယ်တိုင်လိုက်သွားတဲ့အခါ ကော်မရှင်က နေအိမ်ကိုလိုက်ထည့်ခိုင်းမှ စာအိတ်ပေးမယ်လို့ပြောတယ်။ ဒါကြောင့် မြို့နယ်ကော်မရှင်ကို အသိပေးခဲ့တာပါ။ မဲပြန်‌ပေးမလား။ ဒီအတိုင်းထားမလားဆိုတာ စောင့်ကြည့်နေပါတယ်” လို့ အဆိုပါပါတီရဲ့ သထုံမြို့နယ် ဥက္ကဋ္ဌ စောမျိုးမင်းဌေးကပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရသူ ဦးမြင့်နိုင်ကတော့ မြန်မာနိုင်ငံက ရွေးကောက်ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်ထားပုံတွေကို နိုင်ငံတကာကပါ ချီးကျူးတယ်လို့ ပြောပေမယ့် ကြိုတင်မဲပေးရာမှာ အငြင်းပွားတာတွေဟာ ရပ်ကျေးကော်မရှင်တွေကို လုံလောက်တဲ့သင်တန်းတွေ မပေးနိုင်ခဲ့တာကြောင့်လို့ လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစိုးလွင်က သုံးသပ်ပါတယ်။

“တကယ်တမ်းပြောရရင် ရပ်ကျေးကော်မရှင်တွေကို သင်တန်းလည်းမပေးနိုင်ဘူး၊ ကိုဗစ်ကြောင့် သင်တန်းချက်ချင်းမပေးနိုင် တစ်ရက်ပဲပေးနိုင်တယ်။ ခုချိန်ထိ သုံးသပ်တာကတော့ ကော်မရှင်အဖွဲ့ဝင်အနေနဲ့ ရိုးသားစွာမှားယွင်းတယ်လို့ ခုချိန်ထိယူဆတယ်”လို့ ဦးစိုးလွင်ကပြောပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာမှာ ကြိုတင်မဲပေးခဲ့တဲ့ အသက် ၆၀ကျော် သက်ကြီးရွယ်အို အယောက် ၄၀ကျော်ဟာ သူတို့ပေးချင်တဲ့ပါတီနဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးခွင့်မရခဲ့တဲ့အတွက် အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီလို အငြင်းပွားခဲ့တဲ့အတွက် ကြိုတင်မဲပေးခဲ့သူ ၄၀ ဦးလုံးကို ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၈ရက်မှာ မဲပြန်ပေးဖို့ ခွင့်ပြုခဲ့ရပါတယ်။

အောက်တိုဘာ ၃၀ရက်နေ့က ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ကြိုတင်မဲကောက်ယူတုန်းကလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ မဲရုံကိုယ်စားလှယ်ကပေးတဲ့ တံဆိပ်တုံးအတုနဲ့ မဲပေးခဲ့မှု ဖြစ်ခဲ့ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်က ကြိုတင်မဲပေးရာမှာ တံဆိပ်တုံးတခုတည်းနဲ့ ကြန့်ကြာနေတဲ့အတွက် သူကောက်ရထားတဲ့ တံဆိပ်တုံးကို ပေးလိုက်တာလို့ပြောပြီး တံဆိပ်တုံးအတုကို အသုံးပြုခဲ့တဲ့ ကော်မရှင်အဖွဲ့ဝင်ဟာလည်း ရိုးသားစွာမှားတာသာ ဖြစ်တယ်လို့ လှည်းကူးမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ဘယ်သူ့ဘက်မှ ဘက်မလိုက်ဘဲ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အာမခံထားပေမယ့် ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်ကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆုတောင်းနေရတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲနည်းဥပဒေမှာ “သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်း၊ ရွေးကောက်ပွဲကိုယ်စားလှယ်၊ မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်နဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဟာ ကြိုတင်ဆန္ဒမဲပေးသူရဲ့ လျှို့ဝှက်ဆန္ဒမဲပေးမှုကို မထိခိုက်စေဘဲ လိုက်ပါကြည့်ရှုနိုင်သည်”လို့ ဆိုထားပေးမယ့် လက်တွေ့မှာတော့ မဲဆန္ဒရှင်တွေဟာ လျှို့ဝှက်ဆန္ဒမဲပေးနိုင်တဲ့ အခွင့်အရေးကို ဆုံးရှုံးနေပါတယ်။

ကြိုတင်မဲကောက်ယူရာနေရာတွေမှာ NLD အင်္ကျီဝတ်ဆင်ထားသူအချို့ရဲ့ လုပ်ဆောင်မှုတွေဟာ ရွေးကောက်ပွဲဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုပြီး ပြည်သူ့ရှေ့ဆောင်ပါတီက ကန့်ကွက်တာတွေကိုလည်း တွေ့ရပါတယ်။

စစ်ကိုင်းက ကွာရန်တင်းစင်တာတွေမှာ ကျူဝင်နေသူတွေအနေနဲ့လည်း ဆန္ဒမဲကို ကိုယ်တိုင်ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသော်တာထက်က “မဲပေးမယ့်သူတွေကတော့ မဲပြားကိုကိုင်ပြီး ပေးခွင့်တော့ မရှိဘူး၊ ဥပမာ မောင်ဖြူပေးမယ်ဆိုရင် မဲလက်မှတ်ကိုပြမယ်၊ သူ့ရှေ့မှာပဲ ခပ်ဝေးဝေးပေါ့။ ဘယ်ဟာကိုထည့်မယ်ဆိုရင် တံဆိပ်တုံးထုပေးရမှာပေါ့ ပြီးရင်စာအိပ်ထဲထည့်ပြီး ကြိုတင်မဲသိမ်းပေါ့၊ ဒီလူကတော့ မဲကြီးကိုကိုင်ပြီးပေးလို့မရဘူး” လို့ VOM ကိုပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေကို အားမရကြတာဟာ အတိုက်အခံပါတီတွေတင်မဟုတ်ဘဲ လက်ရှိ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီလည်း အပါအဝင်ဖြစ်ပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ဆန္ဒမဲလက်မှတ်တွေ မှားယွင်းတာနဲ့ပတ်သက်ပြီး မဲလက်မှတ်တွေကို တနပ်စားရည်ရွယ်ချက်နဲ့ မှားအောင်လုပ်ခဲ့သလားလို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောက်မိုးညိုက ၎င်းရဲ့ Aung Moe Nyo အမည်နဲ့ အသုံးပြုတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မေးခွန်းထုတ်ခဲ့ပါတယ်။

“မတော်တဆပဲ ဖြစ်ပါစေ ။ ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးတာလည်း ဖြစ်နိုင်ခြေ ရှိပါတယ် ။ မဲလက်မှတ်စာရွက်တွေ ပုံနှိပ်ထုတ်ဝေတာက ၊ အတွဲလိုက်ပဲ ရိုက်ရတာပါ ။ ပြောက်သောက်၊ ဟိုမြို့နယ်ရိုက်လို့ မပြီးသေးခင် ဒီမြို့နယ် ရိုက်လို့မရနိုင်ပါဘူး” လို့ ရေးသားထားတာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်း ဖြစ်တာနဲ့အညီ ဘက်မလိုက်၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့အတွက် တာဝန်အရှိဆုံး အဖွဲ့အစည်းဖြစ်ပါတယ်။

လက်ရှိအာဏာရပါတီအပါအဝင် အစိုးရအဖွဲ့အစည်းတွေအနေနဲ့လည်း မိမိတို့အစိုးရသက်တမ်းအတွင်း ကျင်းပတဲ့ ရွေးကောက်ပွဲက လွတ်လပ်၊ တရားမျှတမှု ရှိ၊မရှိကို သမိုင်းကအဆုံးအဖြတ်ပေးမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေကို အသိအမှတ်ပြုပြီး လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးဖို့ လိုပါတယ်။

အခြေခံဥပဒေပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာအင်ဒရူးငုံကျုံးလျန်က “UEC နဲ့ အခြေခံဥပဒေခုံရုံးကို လွတ်လပ်တဲ့ ခုံရုံးဖြစ်အောင်လုပ်ဖို့ ကျနော်အမြဲပြောတယ်၊ အစိုးရလက်အောက်ခံ ဖြစ်နေသ၍တော့ ဘယ်တော့မှ ဒီမိုကရေစီ ရှင်သန်မှာမဟုတ်ဘူးလို့။ ဘယ်သူမှ နားမထောင်ဘူးလေ။ အဲ့ဒီတော့ ခံပေတော့ပေါ့။ ခုံရုံးက ဘာဖြစ်တယ် ညာဖြစ်တယ် သာပြောနေကြတာ ခုံရုံးကို သူ့အိတ်ကပ်ထဲထည့်မယ့်လူတွေကိုပဲ ပြီးရင် မဲပေးကြအုံးမှာ” လို့ ပြောပါတယ်။

ကပ်ရောဂါဖြစ်ပွားနေတဲ့ကြားက အပြောင်းအလဲတခုအတွက်ကျင်းပရတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံတကာနဲ့ ပြည်သူကလက်ခံနိုင်တဲ့ လွတ်လပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးအတွက် လိုအပ်နေတာတွေအချိန်မှီပြင်နိုင်မှသာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဂုဏ်ယူဝံ့ကြွားစွာ တာဝန်ပြီးဆုံးနိုင်မှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကြိုတင်မဲ

Related posts

Leave a Comment

VOM News

FREE
VIEW