လှည်းကူးမြို့နယ်မှာ တံဆိပ်တုံးကြိုတင်ထုပြီးသား မဲလက်မှတ်တွေပါဝင်နေတာဖြစ်ပွားခဲ့

နိုဝင်ဘာ ၄-၂၀၂၀
သူရိန်(VOM)

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ကြိုတင်ဆန္ဒမဲကောက်ခံနေတဲ့ စာအိတ်အတွင်းက ဆန္ဒမဲလက်မှတ်တွေမှာ တံဆိပ်တုံးထုထားတဲ့ ဆန္ဒမဲလက်မှတ်တွေပါဝင်နေတဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ လှည်းကူးမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ကိုအောင်မျိုးနိုင်ကပြောပါတယ်။

” ကျွန်တော်တို့ ဒီကတာဝန်ရှိတဲ့ မဲရုံကိုယ်စားလှယ်တွေထဲကနေ ကျွန်တော်တို့ဆီကို သတင်းပေးပို့လာတယ်။ ဆန္ဒမဲပြုတဲ့နေရာမှာ ပထမစာအိတ်ကြီးထဲက အထဲမှာပါတဲ့ စာအိတ် ၃ အိတ်ကတော့ ရွေးကော်စီစဉ်တဲ့အတိုင်း အဆင်ပြေတယ်၊ နောက်တစ်ကြိမ် ဒေါ်ခင်အုန်းမြင့်အလှည့်ကျတဲ့အချိန်ကျမှာတော့ စာအိတ်ကြီးအထဲက စာအိတ်လေး ၃ အိတ်ထုတ်တယ်။ ပြည်သူ၊ အမျိူးသား၊ တိုင်း ဆိုတဲ့ စာအိတ်ကလေး ၃ အိတ်ကိုဖွင့်တဲ့အချိန်မှာတော့ နှစ်ရွက်က တံဆိပ်တုံးကြိုတင်ပြီး ထုပြီးသားဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကို ကျွန်တော်ရဲ့ မဲရုံကိုယ်စားလှယ်ကနေ လှမ်းပြီးသတင်းပေးပို့တဲ့အပေါ်မှာ ဒါဆိုလို့ရှိရင်တော့ ကန့်ကွက်ရမယ် ဒီလိုမျိူး ရပ်ကျေးကော်မရှင်လက်ထဲကနေ ထွက်လာတဲ့ဒီမဲစာရင်းစာရွက်က ဒီလိုကြိုတင်ထုထားတဲ့ကိစ္စရပ်က ဘယ်သူ့မှာတာဝန်ရှိမလဲ၊ တာဝန်ယူမှု တာဝန်ခံမှုဖြစ်ဖို့လိုအပ်တယ်”လို့ ကိုအောင်မျိုးနိုင်ကပြောပါတယ်။

လှည်းကူးမြို့နယ်၊ ဟိုင်းကူးအုပ်စု၊ ကြို့ကုန်းဒေသ၊ ကြက်မောက်ကုန်းကျေးရွာမှာ ကြိုတင်မဲ ကောက်ယူစဉ် ဆန္ဒမဲ ပေးခွင့်ရသူ ဦးအောင်မြင့် အလှည့်မှာ တံဆိပ်တုံး ထုပြီးသား မဲစာရွက် ဖြစ်နေပြီး နောက်ထပ် မဲစာရွက်မှာလည်း တံဆိပ်တုံး ထုထားတာကို တွေ့ရှိရခြင်းဖြစ်ပါတယ်။

” အဲ့ဒီနေ့က သူတို့က ကားနဲ့လာတယ်၊ ၆ ယောက် ၇ ယောက်လောက်တော့ရှိမှာပေါ့၊ မဲထည့်မယ်ဆိုတော့ စာအိတ်တွေပေးတယ်၊ ပထမ ငါအရင်ဆုံးထည့်ရတာပေါ့ကွာ၊ အဲ့ဒီတော့စာရွက်ဖွင့်လိုက်တော့ အဲ့ဒါပထမက ငါ့အတွက် အထဲထဲမှာဘာမှမပါဘူး၊ အဲ့ဒါကို ငါက ၃ မဲထည့်လိုက်တယ် အဲ့ဒါလည်းဘာမှမဖြစ်ဘူး၊ နောက်နှစ်မဲကြတော့ သူတို့ကပေးတယ်၊ ပေးတဲ့အခါ ငါကနေထုံးစံအတိုင်း ငါကလည်း မဲရုံမှူးလုပ်ခဲ့ဖူးတာပဲ အဲ့ဒါငါသွားပြီးဖွင့်ကြည့်လိုက်တဲ့အခါကြတော့ အဲ့ဒီမှာခြစ်ရာတွေ ခြင်္သေ့ခေါင်းထိပ်မှာခြစ်ရာ အဲ့ဒါနောက်
တစ်ခုလည်း ဒီလိုပဲ၊ အဲ့ဒီလိုပဲ သူတို့ပြောသံကြားတာကတော့ မနေ့က မဲ ၂ မဲပျောက်တယ်ပြောတာပဲ။ အဲ့ဒါပဲကြားတယ် နောက်ပိုင်းဘာမှမသိတော့ဘူး”လို့ကြက်မောက်ကုန်းကျေးရွာ၊ကာယကံရှင်ဦးအောင်မြင့်ကပြောပါတယ်။

အခုလိုဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မဲစာရွက်ကို အသစ်လဲလှယ်ပေးထားပြီး သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ်လို့ သိရပါတယ်။

လှည်ကူးမြို့နယ်၊ မြို့မရပ်ကွက်မှာ ကြိုတင်မဲကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့အတူ လိုက်ပါခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့မဲရုံကိုယ်စားလှယ်တစ်ဦးက UEC အမှတ်တံဆိပ်မပါတဲ့ တံဆိပ်တုံးအတုသုံးပြီး ဆန္ဒမဲပေးဖို့ လုပ်ဆောင်ခဲ့တယ်လို့ မမှန်မကန်သတင်းရေးသား ဖြန့်ဝေသူ `လှည်းကူး ငပိချက် ´ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်ကိုလည်း လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဦးစန်းအောင်က တရားလိုပြုလုပ်တိုင်ကြားခဲ့ရာ လှည်းကူးမြို့မရဲစခန်းမှ (ပ)၁၅၂၂/၂၀၂၀ ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆/ဃ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ပြည်ခိုင်ဖြိုး ပါတီရဲ့ဂုဏ်သိက္ခာကို ထိခိုက်အောင်ဆောင်ရွက်သူ၊ လူပုဂ္ဂိုလ် ၊အဖွဲ့အစည်း၊ Media တွေကိုလည်း တရားဥပဒေအရ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လှည်းကူး #မဲတံဆိပ်တုံး #ကြိုတင်ထုပြီးသားမဲလက်မှတ်

Related posts

Leave a Comment

VOM News

FREE
VIEW