အေအေကဖမ်းသွားတဲ့ NLD ကိုယ်စားလှယ်လောင်း ၃ ဦးကိစ္စ တစ်လနီးပါးကြာတဲ့အထိ သတင်းအစအန မရသေး

နိုဝင်ဘာ ၁၁-၂၀၂၀
ထက်အောင်စိုင်း(VOM)

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပမီ မဲဆွယ်ကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) လွှတ်တော်ကိုယ်စားလှယ်လောင်း(၃)ဦးကို အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အေအေအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတာဟာ ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ထိ တစ်လနီးပါးကြာမြှင့်နေပြီးဖြစ်တဲ့အပြင် သူတို့ရဲ့အခြေအနေကို လက်ရှိအချိန်ထိ သတင်းအစအန မရရှိသေးဘူးလို့ NLDဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ဖောင်းခါးကျေးရွာကို ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်ဖို့သွားချိန် ဖောင်းခါးကျွန်းပေါ်မှာ အေအေအဖွဲ့ဝင်(၄) ယောက်ခန့်က ဖမ်းဆီးသွားကြောင်းနဲ့ သူတို့(၃)ဦးကိုဖမ်းဆီးသွားချိန် အေအေအဖွဲ့ဝင်တွေက ရိုက်နှက်မှုတွေရှိတယ်လို့ မဲဆွယ်ရာမှာပါဝင်တဲ့ ဝန်းရံသူတစ်ဦးက မီဒီယာတွေကို ဖြေကြားထားတာဖြစ်ပါတယ်။

NLDပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကတော့ အေအေဖက်က တောင်ကုတ်မြို့နယ်အတွင်း ဝင်ရောက်ယာဉ်ပြိုင်မယ့် NLDပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးသွားတာနဲ့ပတ်သက်ပြီး အဲ့ဒီကိုယ်စားလှယ်လောင်း ၃ ဦးကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ ထုတ်ပြန်ထားကြောင်းနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုလည်း ပါတီအနေနဲ့ ဖျောင်းဖျ၊ အားပေးနေရတယ်လို့ ပြောပါတယ်။

“ အခုအချိန်ထိတော့ ကျနော်တို့ဘာသတင်းမှ မရသေးပါဘူး ။ အေအေက အခုထိဖမ်းထားတဲ့အတွက်ကြောင့် သူတို့ကတော့ တောင်ကုတ်မှာ ကိုယ်စားလှယ်အနေနဲ့လည်း မရတော့ပါဘူး။ သူတို့အနေအထားက ဘယ်လိုစဉ်းစားရမလဲ မသိဘူး။ ဖြစ်နိုင်တာကတော့ အေအေဖက်ကလည်း ထုတ်ပြန်ထားတယ်။ ဖမ်းထားတဲ့ကျောင်းသားတွေပြန်လွှတ်ရမယ်၊ အေအေဆီက ဖမ်းထားတဲ့ခေါင်းဆောင်တွေကို ပြန်လွှတ်ရမယ်၊ အဲ့ဒီလို အပေးအယူအပြောထားတာတွေရှိတယ်။ အဲ့ဒါကလည်း အစိုးရပေါ်လစီနဲ့ပဲဆိုင်တယ်။ ကျနော်ထင်တာကတော့ ဒီဟာက ကြာအုံးမယ်လို့ထင်ပါတယ်။ အေအေအနေနဲ့ အခုလိုမျိုး နိုင်ငံရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးထားတာမဖြစ်သင့်ကြောင်းနဲ့ အေအေရဲ့ ကိုင်စွဲထားတဲ့ တော်လှန်လမ်းစဉ်နဲ့ လွှတ်မြောက်ရေးလမ်းစဉ်နဲ့က တစ်ခြားစီဖြစ်နေတယ်”လို့ မုံရွာအောင်ရှင်က သူ့ရဲ့အမြင်ကိုပြောပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ (၈) ရက်နေ့ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ တောင်ကုတ်က NLDအမတ်လောင်းတွေ ရှုံးနိမ့်ရတာဟာ အေအေက သူတို့ရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးသွားတာကြောင့်ဖြစ်တယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

“ ကျနော်တို့ကတော့ ဒီကိစ္စနဲ့ ဆက်စပ်ပြီး အထူးပြောစရာမရှိပါဘူး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အဲ့ဒါပဲ ပြောချင်ပါတယ်။ ရွေးကောက်ပွဲအတွင်း တောင်ကုတ်မှာ NLD ရှုံးသွားတာလည်း အဲ့ဒါတွေနဲ့ ဆိုင်ပါတယ်။ အဲ့ဒါကလည်း ခုနကပြောတဲ့ သုံးယောက်ကို ဖမ်းဆီးသွားတာရဲ့ အကျိုးဆက်ပဲလေ။ အခုလို ကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးတဲ့အပေါ်မှာ အထူးပြောစရာမရှိပါဘူး။ အကြမ်းဖက်ဖမ်းဆီးတာတို့ကို ကျနော်တို့လက်မခံပါဘူး။ အမြန်ဆုံးပြန်လွှတ်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။

NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို အေအေဖက်က ဖမ်းဆီးသွားပြီး နောက်ပိုင်း အေအေက ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်ထိ ကိုယ်စားလှယ်လောင်း ၃ ဦးနဲ့ ပတ်သက်လို့ အေအေဖက်က တစ်စုံတစ်ရာ မှတ်ချက်ပေးထုတ်ပြန်ထားတာမရှိပါဘူး။

NLD လွှတ်တော်အမတ်လောင်း (၃) ဦး ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP)ရဲ့ အမြင်သဘောထားကို ပါတီရဲ့ ဥက္ကဌ ဦးသာထွန်းလှကို မေးမြန်းခဲ့ပေမယ့် လောလောဆယ်မှာ တစ်စုံတစ်ရာ မှတ်ချက်ပေးမပြောလိုကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

အေအေအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကိုခံထားရတဲ့ တောင်ကုတ်မြို့နယ်က NLDပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကတော့ တောင်ကုတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ် လက်ရှိတောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်တို့ပဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #တောင်ကုတ် #NLDကိုယ်စားလှယ်လောင်း၃ဦး #အေအေဖမ်းဆီး #သတင်းအစအနမရသေး

Related posts

Leave a Comment

VOM News

FREE
VIEW