ဖားကန့်ကို တရားမဝင်ခိုးဝင်လာတဲ့ အမျိုးသား ၃ဦးကို သဘာဝဘေးစီဥပဒေနဲ့ အမှုဖွင့်

နိုဝင်ဘာ ၂၃-၂၀၂၀
ဇော်မိုးထက်(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင် စုပေါင်းစစ်ဆေးရေးဂိတ်ကို ရှောင်ဖယ်ကာ ဖားကန့်မြို့အတွင်း ဝင်ရောက်လာတဲ့ အမျိုးသား ၃ ဦးကို ဖားကန့်မြို့နယ် ကိုဗစ်-၁၉ ကော်မတီက သာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကနေ သိရပါတယ်။

တရားမဝင်ဝင်ရောက်လာသူအမျိုးသား(၃)ဦးဟာ ကျော်မင်းထွန်း ၊ခင်ဇော်လင်း ၊ဦးစောမောင်တို့ဖြစ်ပြီး သူတို့သုံးဦးဟာ မန္တလေးကနေ ခရီးသည်တင်လိုင်းကားနဲ့ လာရောက်ကာ ဖားကန့်မြို့ကို မနေ့ နိုဝင်ဘာ ၂၂ရက်နေ့ညနေ ၅ နာရီကျော်က တရားမဝင် ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” နန့်စီးအောင်စုပေါင်းစစ်ဆေးရေးဂိတ် ၊ကာမိုင်းစစ်ဆေးရေးဂိတ် ၊လယ်ပြင်စစ်ဆေးရေးဂိတ် တွေကို စစ်ဆေးမှုမခံယူဘဲ တောလမ်းကနေရှောင်လာခဲ့ပြီး အခုလိုတရားမဝင် ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့စစ်ဆေးမှုတွေအရ သိရှိခဲ့ရတယ်”လို့ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကပြောပါတယ်။

လက်ရှိမှာတော့ တရားမဝင်ဝင်ရောက်လာသူ အမျိုးသား(၃)ဦးကို သက်ဆိုင်ရာ ရဲစခန်းကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ နိုဝင်ဘာ လဆန်းပိုင်းကစပြီး ကိုဗစ်ပိုးတွေ့လူနာ မရှိခဲ့ပေမယ့် ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်ပိုင်း ဖားကန့်မြို့ကို တရားမဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်လာသူတွေ များပြားနေတယ်လို့ ဖားကန့်မြို့မှာနေထိုင်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။ နိုဝင်ဘာ ၂၁ရက်နေ့ကစပြီး လုံးခင်းအုပ်စုနဲ့ ဆိပ်မူအုပ်စုတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ ဆက်တိုက်တွေ့ရှိလာရတာဖြစ်ပါတယ်။

နိုဝင်ဘာ၂၁ရက်ကနေ ဒီကနေ့ နိုဝင်ဘာ၂၃ရက်နေ့အထိ သုံးရက်အတွင်း ပိုးတွေ့လူနာ(၅)ဦး တွေ့ရှိခဲ့တာကြောင့် ကူးစက်မှုမြှင့်တက်လာခဲ့ပြီလို့ သုံးသပ်ပြောဆိုနေကြပါတယ်။ အရင်က ဖားကန့်မြို့နယ်ဟာ ပိုးတွေ့လူနာ (၈၄)ဦးတွေ့ရှိခဲ့တာကြောင့် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက Stay at Home နေထိုင်ဖို့ အမိန့်ထုတ်ထားခဲ့တာဖြစ်ပါတယ်။

ဖားကန့်မြို့နယ်ဟာ ကချင်ပြည်တခုလုံးမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူအများဆုံးမြို့အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး အခုအချိန်မှာ ဖားကန့်မြို့နယ်အတွင်းကို အကန့်အသတ်တွေနဲ့ ဝင်ရောက်ခွင့်ပြုထားပေမယ့်လည်း တရားမဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်လာမှုတွေ အများအပြားရှိနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #တရားမဝင်ဝင်လာသူ #ဘေးစီမံအမှုဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW