ဇီးကုန်းမြို့မှာ ကိုဗစ်လူနာ သေဆုံးမှု ပထမဦးဆုံးဖြစ်ပွား

နိုဝင်ဘာ ၂၇-၂၀၂၀
ကောင်းလက်ျာ (VOM)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ မနေ့ နိုဝင်ဘာ၂၆ ရက်ညပိုင်းက Covid-19 ‌အတည်ပြုလူနာ အမျိုးသားကြီး တစ်ဦး ပထမဦးဆုံး သေဆုံးသွားတယ်လို့ ပဲခူးတိုင်းကျန်းမာရေးဦးစီးမှုး ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။

” မနေ့က ပဲခူးနဲ့ဇီးကုန်းမှာ ပိုး‌တွေ့လူနာတစ်ယောက်စီ ကွယ်လွန်တယ်ဆိုတော့ ပဲခူးတိုင်းဒေသကြီးမှာ ရောဂါအတည်ပြုလူနာသေဆုံးမှု ၉ ဦးရှိသွားပါပြီ။ ဇီးကုန်းကတော့ပထမဦးဆုံး ပိုးတွေ့လူနာ သေဆုံးမှုဖြစ်ပြီး ဒေသတွင်း ပိုးတွေ့လူနာများလာလို့ ကျန်းမာရေးဦးစီးဌာနနဲ့ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ်”လို့ ဒေါက်တာရန်နိုင်မောင်က ‌ပြောပါတယ်။

ဇီးကုန်းမြို့နယ်မှာ ပထမဆုံး သေဆုံးသွားတဲ့ ကိုဗစ်လူနာဟာ အသက် ၆၇ နှစ်အရွယ် ရှိပြီး နိုဝင်ဘာ၂၆ ရက်နေ့က ရန်ကုန်မြို့ဆေးရုံတစ်ခုမှာ ကင်ဆာရောဂါကုသပြီး ပြန်လာသူဖြစ်ပါတယ်။

ဇီးကုန်းပြည်သူ့ဆေးရုံမှာ RDT စနစ်နဲ့စစ်ဆေးမှုအရ Covid-19ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပြီး မနေ့က ည ၉ နာရီခန့်မှာသေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ဇီးကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇော်နိုင်ဦးက ပြောပါတယ်။

သေဆုံးလူနာ အမျိုးသားနဲ့ ထိတွေ့ခဲ့ကြတဲ့ မိသားစုဝင်တွေ အပါအဝင် စုစုပေါင်း၂၀ ဦးကို RDT စနစ်နဲ့ ပိုး ရှိ၊မရှိ စစ်ဆေးခဲ့ရာမှာတော့ Covid-19 ပိုးကူးစက်ခံရသူ ၄ဦးတွေ့ရှိခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာတွေကို ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံမှာကုသပေးထားရတယ်လို့ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ဇီးကုန်းမြို့နယ်ထဲမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းပြင်းထန်လာချိန်ကနေ ဒီကနေ့အချိန်ထိ Covid-19 ပိုးတွေ့သူ ၅၀ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၃၅ ဦးနဲ့ လက်ကျန်လူနာ ၁၄ ဦးကို ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံမှာ ကုသပေးထားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်‌ပေါင်း၂၈ မြို့နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၉ ဦး သေဆုံးထားတယ်လို့ ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Photo -ZEGON IPRD
#voiceofmyanmar #VOM #ဇီးကုန်း #ကိုဗစ်လူနာသေဆုံးမှု #ပထမဆုံးဖြစ်ပွား

Related posts

Leave a Comment

VOM News

FREE
VIEW