USDPပါတီက ဆရာ၊ဆရာမတွေကို မမှန်မကန်တရားစွဲဆိုထားတဲ့ကိစ္စတွေ MTFအဖွဲ့ကကူညီမယ်

နိုဝင်ဘာ ၃၀-၂၀၂၀
အေးချမ်းသူ(VOM)

USDPပါတီကနေ တရားစွဲဆိုတာကို ခံထားရတဲ့ ဆရာ၊ ဆရာမတွေအတွက် ဥပဒေပညာ
ရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကာ ဝန်းရံကူညီမှုတွေ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်(MTF)ကနေ သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ ဆရာ/ဆရာမတွေကို မမှန်မကန် စွပ်စွဲ၊ တရားစွဲဆိုမှုတွေရှိတဲ့အတွက် တန်ပြန်တရားစွဲဆိုသွားနိုင်ဖို့ မိတ်ဖက်ညီနောင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ အခိုင်အမာကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က VOMကိုပြောပါတယ်။

“ကျနော်တို့က ပြန်တရားမစွဲဘူး။ တရားစွဲခံရတဲ့ ဆရာ/ဆရာမတွေကို ကူညီပေးသွားမှာပါ။ မိတ်ဖက်အဖွဲ့အစည်းတွေ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးပေါ့၊ လက်ရှိအခြေအနေမှာ ပြည်ခိုင်ဖြိုးပါတီက တရားစွဲဆိုထားတဲ့အမှု ၁မှုပဲရှိပြီး တရားစွဲဆိုခံရသူက ပျော်ဘွယ်မြို့နယ်က ဆရာမကြီးဒေါ်ခင်မာရီဖြစ်တယ်”လို့ ဒေါက်တာဇော်မျိုးလှိုင်ကပြောပါ
တယ်။

ပျော်ဘွယ်မြို့နယ်မှာ ကြိုတင်မဲကိစ္စနဲ့ပတ်သက်ပြီး မဲဆွယ်စည်းရုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြည်ခိုင်ဖြိုးပါတီမှ မဲရုံကိုယ်စားလှယ်က ရွေးကောက်ပွဲဥပဒေပုဒ်မ-၆၁ဖြင့် တရားစွဲဆိုထားတာဖြစ်တယ်လို့ တရားစွဲဆိုခံရသူ ပျော်ဘွယ်မြို့နယ်၊ ပေါက်အေးကျေးရွာ လ/ခွဲကျောင်းမှာ မဲရုံးမှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ ဒေါ်ခင်မာရီက VOMကိုပြောပါတယ်။

“ဘာကြောင့် တရားစွဲလဲဆိုတော့ ကြိုတင်မဲပေးဖို့သွားတာရယ် ကော်မရှင်လူကြီးတွေနဲ့တွေ့ဖို့သွားတာကို မဲဆွယ်စည်းရုံးတယ်ဆိုပြီး တရားစွဲတာ၊ ခံစားရတယ် ကိုဗစ်ကာလမှာ stayhomeနေလို့ရတာ၊ ဒါပေမယ့် နိုင်ငံတော်အတွက် ကူညီတယ် ဒါကိုတရားစွဲတာ၊ ကျွန်မတို့ဆိုတာ ရဲစခန်းတွေ၊ တရားရုံးတွေနဲ့ မသက်ဆိုင်ဘူး၊ ၂၀၂၅ ရွေးကောက်ပွဲမှာလည်း နိူင်ငံတော် တာဝန်ပေးအပ်လာရင် တာဝန်ထမ်းဆောင်မှာ၊ လက်ရှိအမှုကိုလည်း တရားမျှတမှုပဲ လိုချင်တယ်”လို့ ဒေါ်ခင်မာရီက ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်(MTF)အနေနဲ့လည်း ရောဂါကူးစက်ခံရတဲ့ ဆရာ၊ ဆရာမတွေကို တတ်အားသရွေ့ ကူညီဂုဏ်ပြုမှုတွေ ပြုလုပ်နေသလို တရားစွဲဆိုခံရတဲ့ ဆရာ၊ ဆရာမတွေအတွက်လည်း ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကာ ဝန်းရံကူညီတာတွေ ပြုလုပ်ပေးသွားမှာ ဖြစ်ကြောင်း နိုဝင်ဘာလ ၂၉ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခုနှစ် ၂၀၂၀ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆရာ၊ ဆရာမတွေ အပါအဝင် မဲရုံဝန်ထမ်းအချို့နဲ့ မိသားစုဝင်တွေပါ ကိုဗစ်ရောဂါကူးစက်မှုကို ခံစားခဲ့ကြရပြီး မဲရုံတာဝန်ကျ ဆရာမ နှစ်ဦးနဲ့ အခြားမိသားစုဝင် အချို့လည်း အသက် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

Photo – KoKoAung
#voiceofmyanmar #VOM #ရွေးကောက်ပွဲ #ဆရာဆရာမ #ပြည်ခိုင်ဖြိုး

Related posts

Leave a Comment

VOM News

FREE
VIEW