ကချင်စစ်ရှောင်အားလုံးနေရပ်ပြန်ရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ (KHCC) ဥက္ကဋ္ဌတို့ဆွေးနွေး

ဒီဇင်ဘာ ၁-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်နှစ်ခြင်းခရစ္စယာန်အဖွဲ့ချုပ်(KBC)နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီကနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ပြီး နေရပ်ပြန်စစ်ရှောင်အားလုံး နေရပ်ပြန်နိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ (KHCC) တွဲဖက်အတွင်းရေးမှူး ၃ ဦးခါးလီက ပြောပါတယ်။

အဲ့ဒီလို တွေ့ဆုံရာမှာ အရင်ကလို ၇ ရွာ ၈ ရွာပဲ ပြန်ပို့တာမဟုတ်ဘဲ အားလုံးပြန်နိုင်အောင် အကောင်အထည်ဖော် လုပ်ဆောင်ရေးကို ဆွေးနွေးခဲ့ကြတယ်လု့ိ သိရပါတယ်။

(KHCC) တွဲဖက် အတွင်းရေးမှူး ၃ ဦးခါးလီကို ဒီနေ့တွေ့ဆုံးမှုကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က နေရပ်ပြန်ကိစ္စတွေအတွက် ပြန်လည်ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး မေးကြည့်တော့ “ အားလုံးပြန်နိုင်တဲ့အဆင့်မှာ လုပ်ဆောင်ပါလို့ ပြောပါတယ်ခင်ဗျ၊ သူတို့ဘက်ကတော့ လုံခြုံရေးနဲ့ မိုင်းရှင်းလင်းရေးကို တာဝန်ယူမှာပါ”လို့ ပြောပါတယ်။

စစ်ရှောင်တွေနေရပ်ပြန်အခြေချနိုင်ရေးနဲ့ပတ်သက်ပြီး (KHCC)အနေနဲ့ ချီဖွေမြို့နယ်မှာ ဆဒုံးနဲ့ ကန်ပိုက်တီလမ်းက ကျေးရွာ ၇ ရွာကို စစ်ရှောင်တွေ နေရပ်ပြန်နိုင်ဖို့ တင်ပြထားတယ်လို့ သိရပါတယ်။

နောက်ထပ်လည်း ကဇူးနဲ့ ဂါးဒါယန် ကျေးရွာတွေပြန်ဖို့လည်း စီစဉ်နေတာဖြစ်တဲ့အတွက် စုစုပေါင်း ၉ ရွာကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် စီစဉ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

နေရပ်ပြန်ကိစ္စအတွက် ကျန်တဲ့ရွာတွေအတွက်လည်း လုပ်ဆောင်နေတာကြောင့် ၅၀ ရာခိုင်နှုန်းပြီးမှ ဆောင်ရွက်နိုင်မှာဖြစ်လို့ အားလုံးတစ်ခါတည်း မလုပ်နိုင်သေးဘူးလို့ ဦးခါးလီကပြောပါတယ်။

အခုလို နေရပ်ပြန်ကိစ္စတွေနဲ့ ပတ်သက်ပြီး ကေအိုင်အို/ကေအိုင်အေ ဘက်က သဘောတူခွင့်ပြုချက်ရဖို့ ဆွေးနွေးထားကြောင်း သိရလို့ အခြေအနေဘယ်လိုရှိလဲဆိုတာ ဦးခါးလီကိုမေးတော့လည်း “ သူတို့ကတော့ အားလုံးသဘောတူပါတယ် ၊ ကျွန်တော်တို့ ပြောထားတဲ့ရွာတွေရှိတယ် ညှိနှိုင်းပြီးတော့ ပြန်ရအောင်လို့ ပြောထားတာတွေ ရှိပါတယ်”လို့ သဘောတူညီမှုရထားတဲ့ အခြေအနေကို ပြောပါတယ်။

မိုင်းနား (KBC) စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ စစ်ရှောင်ပြည်သူ ဦးနော်တောင်ကတော့ “ ကျွန်တော်တို့ စစ်ရှောင်တွေဘက်က အပစ်ရပ်လက်မှတ်ထိုးလိုက်မှ ပိုကောင်းမယ်လို့ အဲ့ဒီလို အမြင်ရှိကြတယ်၊ ကိုယ့်နေရာကို အေးအေးဆေးဆေး ပြန်ချင်နေတာပေါ့၊ ပြန်ပြီးမှ တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်နေကြတာ”လို့ ပြောပါတယ်။

နိပွန်ဖောင်ဒေးရှင်းရဲ့ အမေရိကန်ဒေါ်လာ ၅ သန်း ကူညီပြီးနောက်ပိုင်း (KHCC) ကနေ ဇူလိုင် ၄ ရက်နေ့မှာ မြစ်ကြီးနား၊ စီတာပူရပ်ကွက်က စစ်ရှောင်အိမ်ထောင်စု ၁၀ စုကို သူတို့ရဲ့နေရပ် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာကို ပထမအကြိမ် နေရပ်ပြန်ပို့ခဲ့ပါတယ်။

နောက်ထပ်အစီအစဉ်အနေနဲ့ အောက်တိုဘာ ၂၂ ရက်က တနိုင်းမြို့ RC စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ နမ်ခမ်း၊ အင်္ဂါဂါးကျေးရွာတွေက စစ်ရှောင်အိမ်ထောင်စု (၂၆) စု၊ လူဦးရေ ၁၂၈ ဦးကို တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်၊ မြို့ရှောင်လမ်းမှာ နေအိမ်တွေဆောက်လုပ်ပြီး နေထိုင်နိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကတော့ မြစ်ကြီနားမြို့နဲ့ ဝိုင်းမော်မြို့အနီး စစ်ရှောင်စခန်း ၁၇ ခုမှာ နေထိုင်ကြတဲ့ စစ်ရှောင်အိမ်ထောင်စု ၂၁၆ စု၊ လူဦးရေ ၁၀၀၀ ကျော်ကို နေရပ်ပြန်ပို့ပေးနိုင်ဖို့ စီစဉ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Photo – KBCကချင်
#voiceofmyanmar #VOM #ကချင် #စစ်ဘေးရှောင် #နေရပ်ပြန်ရေး #ကာချုပ် #KHCC

Related posts

Leave a Comment

VOM News

FREE
VIEW