စစ်ကိုင်းမြို့အနောက်ပိုင်းက ကျေးရွာအုပ်စု ၄ ခုကို Semi Lockdown ချ

ဒီဇင်ဘာ ၅-၂၀၂၀
မောင်တာရာ (VOM)

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုအများဆုံးဖြစ်နေတဲ့ စစ်ကိုင်းမြို့ အနောက်ပိုင်းက ကျေးရွာအုပ်စု ၄ ခုကို ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့ကစပြီး Semi Lockdown ချမှတ်လိုက်တယ်လို့ စစ်ကိုင်းမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ထုတ်ပြန်လိုက်ပါတယ်။

”စစ်ကိုင်းမြို့ အနောက်ဘက်က ရွာ လေးအုပ်စုကို ထုတ်ပြန်ထားပါတယ်။ ဒီနေ့ကနေ ၁၈ ရက်နေ့အထိ နှစ်ပတ်ကြာ ၁၄ရက် ပြုလုပ်သွားမှာပါ၊ဈေးဝယ်ထွက်ဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးဆီမှာ ဈေးဝယ်ကဒ် ဒါမှ မဟုတ် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ ထွက်ခွင့်ပြုပါမယ်။ ရွာတိုင်ကို အဝင်အထွက် ဂိတ်တွေ ထားရှိပြီ ဖြစ်ပါတယ်။ ဒါမှလည်း ကိုဗစ် ရောဂါကူးစက်မှုများတာကိုထိန်းနိုင်မှာပါ” စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှုးဦးကျော်ခိုင်ထွန်းက ပြောပါတယ်။

Semi Lockdown ချမှတ်ခံရတဲ့ ကျေးရွာအုပ်စုတွေကတော့ တဲကြီးကျေးရွာအုပ်စု၊ နောက်ကြည့်ကျွန်းကျေးရွာအုပ်စု၊ ကြွယ်လူးကျေးရွာအုပ်စု နဲ့ မအူပင်ကျေးရွာအုပ်စုတို့ဖြစ်ပြီး အဲကျေးရွာအုပ်စု ၄ အုပ်စုမှာဆိုရင် ကျေးရွာပေါင်း ၁၇ ရွာ ရှိပါတယ်။

စစ်ကိုင်းမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်မှာ Semi Lockdown ချမှတ်ခံရတဲ့ ကျေးရွာအုပ်စု ၄ ခုအနေနဲ့ မဖြစ်မနေလိုက်နာရမယ့် အချက် ၁၀ ချက်ကို ထုတ်ပြန်ထားပြီး ထုတ်ပြန်ညွှန်ကြားချက်ကို ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့ကနေ ၁၈ ရက်ထိ လိုက်နာရမှာဖြစ်တဲ့အပြင် လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

COVID -19 ရောဂါ ဒုတိယလှိုင်းကာလအတွင်း စစ်ကိုင်းမြို့နယ်က တွေ့ရှိရတဲ့ ကိုဗစ် ၁၉ ပိုးတွေ့လူနာဟာ ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ပိုးတွေ့လူနာ ၁၉၀ ဦးထိ ရှိနေပြီး အဲ့ဒီ ပိုးတွေ့လူနာတွေထဲမှာ စစ်ကိုင်းမြို့ အနောက်ဘက်ခြမ်းကျေးရွာတွေက အများဆုံးတွေ့ရှိထားတာပဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ကျေးရွာ ၄ခု #SemiLockdown

Related posts

Leave a Comment

VOM News

FREE
VIEW