စစ်ကိုင်းမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ရဲ့နေအိမ်အတွင်း ဂျီတစ်ကောင်ရောက်လို့ မီးသတ်ကဖမ်းဆီးပြီး ဘေးမဲ့ပြန်လွှတ်

ဒီဇင်ဘာ ၇-၂၀၂၀
မောင်တာရာ(VOM)

စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်အတွင်းက စစ်ကိုင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်ရဲ့ နေအိမ်ဖြစ်တဲ့ Kid’s Smile ကိုယ်ပိုင်ကျောင်းဝန်းအတွင်းကို ဒီကနေ့ညနေပိုင်းက ဂျီတစ်ကောင် ရောက်ရှိလာတဲ့အတွက် မီးသတ်တပ်ဖွဲ့ကနေ ဖမ်းဆီးပေးခဲ့ပြီး ဘေးမဲ့တောအတွင်းကို ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

”သမင်လား၊ ဂျီလား မပြောတတ်ပါဘူး။ ဘယ်ကရောက်လာလည်း မသိဘူး။ ကျွန်မတို့ ကျောင်းဝန်းအတွင်းမှာ စိုက်ခင်းလေးစိုက်ထားတော့ အဲ့ဒီစိုက်ခင်းမှာ အဲ့ဒီအကောင်က အသီးအရွက်တွေစားနေတာပေါ့၊ အိမ်မှာမွေးထားတဲ့ ခွေးတွေက အရမ်းဟောင်တော့ ထွက်ကြည့်တာ ၊ ပထမက ခွေးအကြီးကြီးမှတ်နေတာ။ သေချာကြည့်တော့ ဂျို တွေနဲ့ဆိုတော့ ခွေးတော့မဟုတ်ဘူး၊ အဲ့ဒါနဲ့ လူသံကြားတော့ ထွက်ပြေးရော၊ ကျွန်မတို့ကလည်း မဖမ်းရဲတော့ မီးသတ်ကိုဖုန်းဆက်ခေါ်ပြီး ဖမ်းခိုင်းရတယ်”လို့ စစ်ကိုင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်စုမြတ်ထက်ကပြောပါတယ်။

အဲ့ဒီ ဂျီတစ်ကောင်ကို မီးသတ်တပ်ဖွဲ့ကနေ ဖမ်းဆီးပြီး တောင်ဖီလာတောင်ဘက်က ဘေးမဲ့တောအတွင်းကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

”အကောင်က တစ်နှစ်ခွဲ၊နှစ်နှစ်သား အရွယ်လောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ လွန်ခဲ့တဲ့ ငါးလ၊ခြောက်လလောက်ကလည်း ကိုးပေတံတားနားမှာ ဂျီတစ်ကောင်တွေ့လို့ ကျွန်တော်တို့ မီးသတ်ကို အကူအညီလာတောင်းခံဖူးတယ်၊ အဲ့ဒီတုန်းကတော့ မမီလိုက်ဘူး။ အခုက အဲ့ဒီတုန်းကအကောင်ပဲ ဖြစ်ဖို့များတယ်။ မြို့ပေါ်မှာ လူခြေတိတ်တဲ့အချိန် ပတ်သွားနေတာပေါ့။ အခု မိုးဇာထဲမှာ အိမ်ဝန်းထဲဝင်တယ်ဆိုလို့ သွားပြီဖမ်းပေးခဲ့တယ်။ တောင်ဖီလာ ဆရာတော်ကိုလျှောက်ပြီး ဘေးမဲ့သတ်မှတ်ထားတဲ့ တောအတွင်းကို ပြန်လွှတ်ပေးခဲ့ပါတယ် ”လို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှုး ဦး‌ထက်အောင်ကပြောပါတယ်။

အခုလို စစ်ကိုင်းမြို့ထဲကို ဂျီတစ်ကောင်ဝင်လာတာနဲ့ပတ်သက်ပြီး မန္တလေးမြို့ ၊ ဝေဠုဝန်ကျောင်းတိုက်မှ ဆရာတော်တစ်ပါးကို ဆက်သွယ်မေးမြန်းရာမှာတော့ ”တောကောင်တွေ ဝင်ရင် မကောင်းတတ်ဘူး။ ဒါက ရှေးကတည်းက အယူအဆပေါ့။ ရွာဆိုရင်လည်း ရွာမီးလောင်တတ်တယ်။ အိမ်ဆိုရင်လည်း အိမ်မှာ ပဋိပက္ခတွေ ဖြစ်တတ်တယ်။ စကားအပြောအဆို ဆင်ခြင်ရမှာပေါ့။ ယတြာချေဖို့က ကိုဗစ်ကာလ မပင်မပန်းလုပ်မယ်ဆို မနက် ၄ နာရီထိုးဆို Sky net က ပရိတ်တရားတွေ လာတယ်၊ အဲ့ဒီပရိတ်တရား ဖွင့်ထားလိုက်ပါ ”လို့ မိန့်ကြားပါတယ်။

စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးညွန်လှိုင်ကလည်း ”မင်းဝံတောင်မှာ ဂျီတွေ အများကြီးရှိတယ်၊ ဘုန်းကြီးကျောင်းတွေမှာ ကပ်နေကြတာ ဘုန်းကြီးကျောင်းတွေက တောလည်းကောင်းတော့လေ၊ အခုက မျက်စိလည်ပြီး ရောက်လာတာဖြစ်မယ်၊ မင်းဝံတောင်က ရေရှားတယ်။ တောင်ကုန်းတွေမှာ ရေရှားတော့ ရေရှိရာကို လိုက်ရှာရင်း ရောက်လာတာနေမယ်၊ အစာရေစာက အသီးအရွက်ပဲစားတယ်။ သစ်တောပြုန်းတာနဲ့တော့ မဆိုင်ပါဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက်နေ့ကလည်း ပခုက္ကူမြို့ပေါ်မှာ ဂျီတစ်ကောင်ရောက်လာလို့ သက်ဆိုင်ရာအဖွဲ့တွေက ဖမ်းဆီးပြီး သစ်တော်ဦးစီးဌာနကို အပ်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo – စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့
#voiceofmyanmar #VOM #စစ်ကိုင်း #တိုင်းလွှတ်တော်ကိုယ်စားလှယ်နေအိမ်အတွင်း #ဂျီတစ်ကောင်ဝင် #မီးသတ်ကဖမ်းပြီး #ပြန်လွှွတ်

Related posts

Leave a Comment

VOM News

FREE
VIEW