သုဝဏ္ဏပန်းခြံနဲ့ပြည်ထောင်စုပန်းခြံ ဖွင့်ထားဆဲ

ဒီဇင်ဘာ ၇-၂၀၂၀
ယဉ်ပပထွန်း (VOM )

လက်ရှိ ရန်ကုန်မြို့မှာရှိနေတဲ့ မဟာဗန္ဓုလပန်းခြံကို ယာယီပိတ်ထားပေမယ့် နောက်ထပ်လူပြောများနေတဲ့ သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏပန်းခြံနဲ့ ပြည်ထောင်စုပန်းခြံတို့ကိုတော့ လက်ရှိမှာ ပိတ်ဖို့မညွှန်ကြားထားသေးပါဘူးလို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံပြန်ရေးကော်မတီ ဒေါက်တာကျော်စွာဦးက VOM ကိုပြောပါတယ်။

“ အခုလောလောဆယ်တော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကရော ရန်ကုန်မြို့နယ် စည်ပင်သာယာရေးကော်မတီက ဘာမှတော့ မညွှန်ကြားသေးဘူး ။ ညွှန်ကြားချက်တော့ မရောက်သေးဘူး။ ပန်းခြံအပေါက်ဝမှာ မက်စ်မပါရင် ပေးမဝင်တာတို့ မက်စ်မပါရင် ဝေပေးဖို့ လက်ဆေးရေထားဖို့အတွက် စီစဉ်နေပါပြီ“လို့ ဒေါက်တာကျော်စွာဦးကပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာရှိနေတဲ့ ကန်တော်ကြီးပန်းခြံကိုလည်း လူအများအပြား လာရောက်အပန်းဖြေနေတယ်ဆိုရင်တော့ ရောဂါကာကွယ်ဖို့အတွက် တာဝန်ရှိသူတွေက မဟာဗန္ဓုလပန်းခြံလိုမျိုး ပိတ်သင့်တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ်(၁) တိုင်းကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။

” ကန်တော်ကြီးမှာက နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက ဇေကမ္ဘာက ပိုင်တာဆိုတော့ လူအဝင်အထွက်ကို ကန့်သတ်ဖို့ တိုင်းအစိုးရက တိုက်ရိုက်ပြောကြားရမှာပေါ့။ နောက်တစ်ပိုင်းက တံတားကြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအပိုင်ဖြစ်တယ်။ မဟာဗန္ဓုလပန်းခြံလောက်တံတားကြီးကလည်း ရူပ်ထွေးလာရင်တော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပိတ်ဖို့လုပ်သင့်ပါတယ် ။ ကျွန်တော်ဆိုရင် နေ့တိုင်းစောင့်ကြည့်နေပါတယ်။ ပိတ်ရက်မှာပဲ လူတွေက သွားစရာမရှိလို့ စုတိုးနေတာလား။ နေ့တိုင်းသွားနေတာလားဆိုတာ စောင့်ကြည့်ရမယ်။ ကြားရက်မှာ ကျဲကျဲလေးသွားနေမယ်ဆိုရင် တမျိုးပေါ့။ ပိတ်ရက်တွေမှာတော့ အန္တရာယ်ဖြစ်လောက်အောင် တိုးနေမယ်ဆိုရင်တေ့ာ ရောဂါကာကွယ်ထိန်းချပ်မှုကို တာဝန်ရှိတဲ့လူတွေက လုပ်သင့်ပါတယ်”လို့ ဦးလှဌေးကပြောပါတယ်။

ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံကိုတော့ ဒီကနေ့မနက် ၄ နာရီက စပြီး ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

Photo – ဒေါက်တာကျော်စွာဦး
#voiceofmyanmar #VOM #ရန်ကုန် #ပန်းခြံ၂ခု #ဖွင့်ထားဆဲ

Related posts

Leave a Comment

VOM News

FREE
VIEW