စလင်းမြို့နယ်မှာ လုယက်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိ

ဒီဇင်ဘာ ၉-၂၀၂၀
ဂျန်ကိုးလ်(VOM)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စလင်းနဲ့ဆင်ဖြူကျွန်းသွားတဲ့ ကားလမ်းတလျှောက်နဲ့ ဆင်ဖြူကျွန်းမြို့တို့မှာ လုယက်မှုကျူးလွန်နေတဲ့သူတွေကို မနေ့ ဒီဇင်ဘာ၈ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဆင်ဖြူကျွန်းနယ်မြေရဲစခန်းကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလနဲ့ အခု ဒီဇင်ဘာ လဆန်းပိုင်းအတွင်း လုယက်ခဲ့တာတွေကိုလည်း ဆက်စပ်ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

”တိုင်းရဲတပ်ဖွဲ့ရယ် မြို့နယ်ရဲနဲ့ ကျနော့်စခန်းက နယ်ထိန်းအဖွဲ့တွေရယ် ပူးပေါင်းဖမ်းတာပါ၊ သူတို့က မနက်အစောပိုင်း ၅နာရီလောက်
ဈေးသွားတဲ့အမျိုးသမီးတွေကို ပစ်မှတ်ထားတာပါ၊ ဆိုင်ကယ်လက်ကိုင်မှာ တွဲလွဲချိတ်ထားတဲ့ ပိုက်ဆံအိတ်နဲ့ဖုန်းတွေပါပဲ၊ ကျနော့်စခန်းမှာ တစ်မှုဖွင့်ထားပါတယ်”လို့ ဆင်ဖြူကျွန်းနယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်စည်သူဝင်းကပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ အခုလ ဒီဇင်ဘာ ၇ရက်နေ့ မနက်အစောပိုင်းက လုယူခံလိုက်ရတဲ့ ဖုန်း viberကနေတဆင့် ဖုန်းပိုင်ရှင်အဖြစ် အသွင်ယူဆက်သွယ်ပြီး စာရွက်စာတမ်းတွေ ပြန်လည်ပေးဖို့ အလဲအလှယ်အဖြစ် ဝေ့ဗ်မန်းနီးကနေ ငွေလွှဲပေးပို့ခဲ့ရာ ဆင်ဖြူကျွန်းရှိ ဝေ့ဗ်မန်းနီးဆိုင်တခုမှာ ထုတ်ယူသွားကြောင်းသိခဲ့ရပါတယ်။

ဖုန်းပြန်ပေးဖို့ ဆက်လက်ညှိုနှိုင်းရာမှာတော့ ငွေထပ်မံလွှဲ့ဖို့ပြောတဲ့အတွက် ရဲတပ်ဖွဲ့ကနေ ဝေ့ဗ်မန်းနီးဆိုင်တွေအနီးမှာ စောင့်ဆိုင်းနေချိန် မြောက်ရှားတောကျေးရွာအုပ်စု၊ သာယာကုန်းရွာမှာနေတဲ့ ဆန်းမင်းထွန်းဆိုသူက ငွေလာထုတ်ချိန် လုယူခံရတဲ့ဖုန်းနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဆန်းမင်းထွန်းကို ဆက်လက်စစ်ဆေးခဲ့ရာ လုယက်မှုကျူးလွန်ရာမှာပါဝင်ခဲ့တဲ့ တစ်ရွာတည်းနေ ခန့်ဇော်အောင်နဲ့ နေမျိုးအောင်တို့ကိုပါ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စလင်းမြို့နယ်၊ မြောက်ရှားတောကျေးရွာအုပ်စု၊ သာယာကုန်း ကျေးရွာနေ ဆန်းမင်းထွန်း အသက်-၂၁နှစ်၊ ခန့်ဇော်အောင် အသက်-၂၁နှစ်နဲ့ နေမျိုးအောင် အသက်-၁၉နှစ်တို့ကို လုယက်မှုကျူးလွန်ရာမှာအသုံးပြုတဲ့ ဆိုင်ကယ်(၁)စီး၊ နံပါတ်မပါ (CZI)အမျိုးအစား ဆိုင်ကယ်(၁)စီးနဲ့အတူ လက်ကိုင်ဖုန်း(၃)လုံးတို့ကို သက်သေခံပစ္စည်းအဖြစ် ရှာဖွေပုံစံပြုလုပ်သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်ပြီး စလင်းမြို့မရဲစခန်းမှာ (ပ)၇၅၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၈၂ ၊ ဆင်ဖြူကျွန်းနယ်မြေရဲစခန်းမှာ (ပ)၄၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၈၂နဲ့ အမှုရေးဖွင့် ဖမ်းဆီးထားတယ်လို သိရပါတယ်။

Photo – ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #စလင်း #လုယက်မှု #ဖမ်းဆီးရမိ

Related posts

Leave a Comment

VOM News

FREE
VIEW